
နော်ဝေကို အရှက်တကွဲရှုံးနိမ့်ပြီးနောက် လက်ရွေးစင်အသင်းနည်းပြတာဝန်မှ ထုတ်ပယ်ခံလိုက်ရပြီလို့ အတည်ပြုလာတဲ့ စပယ်လက်တီ
ဒီည၊ မော်လ်ဒိုဗာနဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပြီး အီတလီလက်ရွေးစင်းအသင်းနည်းပြအဖြစ် တာဝန်ယူထားတဲ့ သူ့ရဲ့အခန်းကဏ္ဍကို စွန့်ခွာသွားမယ်လို့ စပယ်လက်တီက အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့၊ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် နော်ဝေကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် အီတလီပရိသတ်တွေ ဒေါသူပုန်ထခဲ့ကြပါတယ်။ ပရိသတ်အများစုက အီတလီလက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ရာနီရေရီကို တာဝန်ပေးအပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီအချိန်မှာပဲ စပယ်လက်တီက လက်ရွေးစင်အသင်းမှာ သူရယူထားတဲ့အခန်းကဏ္ဍ ပြီးဆုံးပြီလို့ အတည်ပြုခဲ့လို့ နည်းပြသစ်တစ်ဦး မဖြစ်မနေလိုအပ်လာပါတယ်။
သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း စပယ်လက်တီက “ မနေ့ညတုန်းကပဲ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ စကားအနည်းငယ် ပြောဖြစ်ခဲ့ပါတယ်။ သူနဲ့တော့ အမြဲတမ်းအဆက်အသွယ်ရှိပါတယ်။ သူက ကျွန်တော့်ကို အီတလီလက်ရွေးစင်အသင်းနည်းစနစ်ကော်မရှင်နာအဖြစ် တာဝန်လဲလှယ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ဦးအကြား ရှိထားတဲ့ဆက်ဆံရေးကြောင့် ကျွန်တော် ဝမ်းနည်းမိပါတယ်။ အထူးသဖြင့် ကိစ္စတိုင်းက အဆင်မပြေဖြစ်နေချိန်မျိုးမှာ ရာထူးမှာပဲဆက်ရှိနေပြီး တိုက်ပွဲဝင်သွားချင်ပါတယ်။ ဒါပေမယ့် ထုတ်ပယ်ခံရနိုင်တဲ့အခြေအနေကိုလည်း ကျွန်တော် သတိပြုရပါမယ်။ ရလဒ်နဲ့ လမ်းကြောင်းအတွက်လည်း ကျွန်တော် တာဝန်ယူရပါမယ်။ ဆိုးရွားတဲ့ရလဒ်ဆိုးအချို့ထွက်ပေါ်လာလို့ ဥက္ကဌက ကျွန်တော့်ဆီ အာရုံပြန်စိုက်လာခဲ့ပါတယ်။ ကျွန်တော့်အတွက် ဒါက နိုင်ငံ့တာဝန်ထမ်းဆောင်မှုတစ်ခု ဖြစ်ခဲ့ပြီး လက်ရွေးစင်အသင်းအနာဂတ်အတွက် ဘယ်နည်းလမ်းနဲ့မဆို အဆင်ပြေသွားစေဖို့ပဲ ရည်ရွယ်ပါတယ်။ အခုလိုလုပ်ဆောင်မှုက မှန်ကန်ပြီး အကောင်းဆုံးကိုလည်း ရှာဖွေပေးနိုင်ပါလိမ့်မယ်။ မော်လ်ဒိုဗာနဲ့ပွဲစဉ်၊ အသင်းရဲ့အရန်ခုံတန်းမှာ ကျွန်တော် ရှိနေပါမယ်။ ပြီးရင်တော့ ကျွန်တော့်ရဲ့စာချုပ်ကို ဖျက်သိမ်းပစ်ပါမယ်”လို့ ပြောပါတယ်။
နော်ဝေကိုအံ့အားသင့်ဖွယ်ဂိုးပြတ်ရှုံးနိမ့်မှုနဲ့အတူ အီတလီက နောက်ဆုံးလေးပွဲဆက်နိုင်ပွဲပျောက်ဆုံးခဲ့သလို နေးရှင်းလိဂ်ပြိုင်ပွဲမှလည်း ထွက်ခွာခဲ့ရပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်၊ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ ၂၀၀၆ ခုနှစ်ကမ္ဘာ့ချန်ပီယံတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သုံးကြိမ်ဆက်မလွဲချော်စေရေး ကြိုးပမ်းနေပါတယ်။
ရာနီရေရီကိုယ်တိုင် အီတလီလက်ရွေးစင်အသင်းကို ကိုင်ဖွယ်ဖို့ရှိ၊မရှိ မသေချာသေးပေမယ့် လက်စတာနည်းပြဟောင်းက စပယ်လက်တီရဲ့တာဝန်လွှဲပြောင်းရယူဖို့ကိစ္စအတွက် ပရိသတ်အကြိုက်ဆုံးနေရာမှာ ရှိနေပါတယ်။ စပယ်လက်တီကတော့ မော်လ်ဒိုဗာနဲ့ပွဲစဉ်ကို ကိုင်တွယ်ပြီးနောက် သူ့ရဲ့အီတလီလက်ရွေးစင်အသင်းနည်းပြဘဝခရီးလမ်းကို အဆုံးသတ်သွားပါလိမ့်မယ်။