The network connection is lost.
ဘိုင်ယန်နည်းပြသစ် ကွန်ပနီက ကြာသပတေးနေ့မှာ အသင်းနဲ့ တရားဝင်းပူးပေါင်းမှာဖြစ်ပြီး သူ့ကစားသမားဆီကနေ စိတ်အားထက်သန်မှု နဲ့ ရဲရင့်မှုပြသဖို့ တောင်းဆိုလိုက်ပါတယ်။ ကွန်ပနီဟာ ဘိုင်ယန်အသင်းနဲ့ ၂၀၂၇ အထိ စာချုပ် ချုပ်ဆိုခဲ့ပြီး ဘန်လေမှာတော့ ရလဒ်တွေဆိုးဝါးခဲ့တာဖြစ်ပါတယ်။
ဘိုင်ယန်ဟာ ပြီးခဲ့တဲ့ ၁၁ ရာသီဆက် ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ် ပြည်တွင်းဖလား ဒါမှမဟုတ် ဥရောပဖလားကို လွဲချော်ခဲ့တဲ့ရာသီလည်းဖြစ်လာခဲ့ပါတယ်။
“ကျွန်တော့်ဘက်ကတော့ ရိုးရှင်းပါတယ်။ ဘယ်လိုနည်းပြမျိုးလဲဆိုတာက ဘယ်လိုလူမျိုးလဲဆိုတာပြသနေပါတယ်။ ကျွန်တော် ဘရက်ဆဲလ်က လမ်းတွေပေါ်မှာ ကြီးပြင်းလာခဲ့တာပါ။ အဲ့နောက် အန်ဒါလက်ချ်အကယ်ဒမီမှာ တက်ရောက်ခဲ့ပြီး အသက် ၆ နှစ်ကနေ ၂၀ နှစ်အတွင်းမှာ အရာအားလုံးအောင်မြင်ခဲ့ပါတယ်”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။
ကွန်ပနီမရောက်လာခင်မှာ ဘိုင်ယန်ဟာ အလွန်ဆို ၊ နာဂယ်စမန်းနဲ့ ရန်နစ်တို့ကို ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ “ကျွန်တော် ဘိုင်ယန်ကစားသမားတွေကို ဘောလုံးအပေါ်မှာရဲရင့်တာမျိုးလိုချင်ပါတယ်။ ဒီလိုမျိုးရှိရမယ်လို့လည်း ထင်ပါတယ်။ စိတ်အားထက်သန်တဲ့အသင်းမျိုးလိုချင်တာပါ။ ဒီအရာ ၂ ခုကို ကိုယ်စားပြုချင်ပါတယ်။ ဘောလုံးအပေါ်မှာရဲရင့်တာအပြင် ဆုံးဖြတ်ချက်နဲ့ စိတ်အားထက်သန်တာက ပွဲကစားချိန်မိနစ်တိုင်းအပြင် အမြဲတမ်းလိုအပ်တဲ့အရာမျိုးပါ။ ဘိုင်ယန်အပြင် အခြားအသင်းတွေကလည်း ကျွန်တော့်ကို စိတ်ဝင်စားတာတွေရှိပါတယ်။ ခင်ဗျားက တစ်သင်းတည်း စိတ်ဝင်စားမှုရှိတယ်လို့ ယူဆနေမှာပါ။ ခင်ဗျားယူဆချက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်က အရမ်းသီးသန့်ဆန်နေတာကြောင့်ပါ။ ဒါကြောင့် အဲ့အချိန်မှာ ကျွန်တော်မအံ့သြပါဘူး။ ပထမဆုံးဖုန်းခေါ်ဆိုမှုက ဘိုင်ယန်မြူးနစ်မဟုတ်ခဲ့ပါဘူး။ ကျွန်တော်ဒီမှာရှိတဲ့ လူကောင်းတွေနဲ့ အလုပ်လုပ်ချင်တာကြောင့် ဒီကိုလာခဲ့တာပါ”လို့ ကွန်ပနီက ပြောကြားခဲ့ပါတယ်။
နည်းပြဘဝမတိုင်ခင် ကွန်ပနီဟာ မန်စီးတီးအတွက် ၃၆၀ ပွဲအထိ ပါဝင်ကစားခဲ့ကာ ပရီးမီးယားလိဂ် ၄ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဘန်လေကို မပြောင်းခင် ကွန်ပနီဟာ အန်ဒါလက်ချ်မှာနည်းပြဘဝကို စတင်ခဲ့ပြီး အဲ့နောက် ဘန်လေကို ချန်ပီယံရှစ်ကနေ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အတွေ့အကြုံနည်းပါးတာကြောင့် အခုရာသီမှာ တစ်ရာသီလုံး ၅ ပွဲအနိုင်နဲ့အတူ ရမှတ် ၂၄ မှတ်နဲ့ တန်းဆင်းခဲ့ရပါတယ်။