The network connection is lost.

Banner Image

ယူနိုက်တက်တိုက်စစ်မှူး ဟွိုက်လန်းကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်ပြုလုပ်လာတဲ့ နာပိုလီ

အီတလီစီးရီးအေထိပ်သီးကလပ် နာပိုလီဟာ မန်ချက်စတာယူနိုက်တက်တိုက်စစ်ကြယ်ပွင့် ရက်စ်မွတ်စ်ဟွိုက်လန်းကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်လာခဲ့ပြီး ဒဏ်ရာရနေတဲ့ အသင်းရဲ့တိုက်စစ်မှူး ရိုမီလူလူကာကူရဲ့နေရာမှာ အစားထိုးဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။

အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ နာပိုလီဟာ ဟွိုက်လန်းကိုခေါ်ယူနိုင်ဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေပြုလုပ်ထားနိုင်ကြောင်းနဲ့ ကစားသမားကလည်း အီတလီမြေသို့ပြန်လည်ခြေချဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ သို့သော်လည်း ဒိန်းမတ်လက်ရွေးစင်ဟာ ယူနိုက်တက်မှထွက်ခွာပါက အငှားစာချုပ်နဲ့ထွက်ခွာလိုခြင်းမရှိဘဲ အပြီးသတ်သာပြောင်းရွှေ့လိုတာကြောင့် နာပိုလီအနေနဲ့ အပြီးသတ်ခေါ်ယူနိုင်ဖို့ ကြိုးစားသွားရဖွယ်ရှိပါတယ်။

လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်နဲ့နာပိုလီတို့အကြား ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး နွေရာသီဈေးကွက်မပိတ်သိမ်းခင် သဘောတူညီမှုရရှိသွားနိုင်ချေရှိပါတယ်။ အင်္ဂါနေ့ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရတော့ ယူနိုက်တက်ဟာ အသက်-၂၂ နှစ်အရွယ်ကစားသမားကို အပြီးသတ်ဝယ်ယူခွင့်ပါ အငှားစာချုပ်နဲ့ထွက်ခွာခွင့်ပြုဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ 

နာပိုလီသာမက အေစီမီလန်ကလည်းစိတ်ဝင်စားနေတဲ့ ဟွိုက်လန်းအတွက် ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ဝန်းကျင်သတ်မှတ်ထားပါတယ်။ဟွိုက်လန်းဟာ ၂၀၂၃ ခုနှစ်မှာ အတ္တလန္တာမှ အိုးလ်ထရက်ဖို့ဒ်သို့ စတင်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ဒိန်းမတ်သားဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အတွက်ပြိုင်ပွဲစုံ ၅၂ ပွဲအထိကစားခဲ့ပေမယ့် ၁၀ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသွင်းစွမ်းရည်နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့ထားရပါတယ်။ 

အာဆင်နယ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာလည်း ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ဟာ ဟွိုက်လန်းကို အသင်းရဲ့လူစာရင်းမှချန်လှပ်ခဲ့ပြီး အရန်ကစားသမားအနေနဲ့တောင် ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲစတင်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။