The network connection is lost.

Banner Image

ပထမပွဲမှာ ရှုံးထားတာကြောင့် ဟန်ဂေရီက ဂျာမနီထက် ဖိအားတွေပိုများနေတယ်လို့ ပြောကြားလိုက်တဲ့ နာဂယ်စ်မန်း

ဂျာမနီလက်ရွေးစင်နည်းပြ ဂျူလီယန်နာဂယ်စ်မန်းက ယူရို ၂၀၂၄ အုပ်စုအဆင့် ဒုတိယပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာယှဉ်ပြိုင်သွားရမယ့် ပြိုင်ဘက် ဟန်ဂေရီအသင်းဟာ ပထမပွဲမှာ ရှုံးထားတာကြောင့် ဖိအားတွေအောက်မှာ ရောက်နေတယ်လို့ ထောက်ပြပြောဆိုလာခဲ့ပါတယ်။

သောကြာနေ့က စတင်ကျင်းပခဲ့တဲ့ ဖွင့်ပွဲမှာ ဂျာမနီမှာ စကော့တန်လန်ကို ၅-၁ နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့် ဟန်ဂေရီကတော့ ပထမဆုံးပွဲမှာတင် ဆွစ်ဇာလန်ကို ၃-၁ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်ပွဲမှာတော့ နာဂယ်စ်မန်းက “ကျွန်တော်တို့က စကော့တလန်နဲ့ ဟန်ဂေရီကို တူညီတဲ့ ခြေစွမ်းရှိတဲ့ အသင်းတွေလို့ အဆင့်သတ်မှတ်ထားခဲ့ပါတယ်။ မနက်ဖြန်ပွဲမှာတော့ ဒါကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဟန်ဂေရီကတော့ ပထမပွဲအပြီးမှာ ကျွန်တော်တို့ထက်ပိုပြီးဖိအားများနေပါတယ်။ ဒါကြောင့် ပြိုင်ပွဲကနေမထွက်ချင်ဘူးဆိုရင် သူတို့အနေနဲ့ ဆွစ်ဇာလန်နဲ့ပွဲတုန်းကထက်ပိုပြီး ပြင်းပြင်းထန်ထန်ကစားနိုင်ဖို့လိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဂျာမနီဟာ ဆွစ်ဇာလန်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုရဲ့ထိပ်ဆုံးမှာ ရပ်တည်နေပြီး စကော့တန်လန်နဲ့ ဟန်ဂေရီတို့ကတော့ ရမှတ်တွေ မရရှိသေးပါဘူး။ တကယ်လို့ ဂျာမနီအနေနဲ့ ယခုပွဲစဉ်မှာ ဟန်ဂေရီကိုအနိုင်ရခဲ့မယ်ဆိုရင်တော့ သေချာပေါက်နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ရှိနေပါတယ်။

ဆက်လက်ပြီး နာဂယ်စ်မန်းက “ကျွန်တော်တို့ ဟန်ဂေရီရဲ့ကစားပုံကို ခွဲခြမ်းစိတ်ဖြာထားပြီးဖြစ်တာကြောင့် ဘယ်လိုကစားရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းသိပြီးသားပါ။ မနက်ဖြန်ပွဲစဉ်မှာ အနိုင်ရဖို့ ကြိုးစားသွားပါမယ်။ ဒါပေမယ့် ဆွစ်ဇာလန်နဲ့ပွဲမှာ သူတို့အနေနဲ့ နောက်ဆုံးရရှိခဲ့တဲ့ ရလဒ်ထက်ပိုပြီးထိုက်တန်မှုရှိပါတယ်။ တည်ကန်ဘောတွေကနေ အခွင့်အရေးဖန်တီးတဲ့အခါမှာ ဟန်ဂေရီက အရမ်းကောင်းတဲ့ အသင်းပါ။ တိကျတဲ့ဖြတ်တင်ဘောတွေရှိပြီး ကစားသမားတွေကလည်း လေထဲကနေ ဂိုးသွင်းနိုင်ကြပါတယ်။ အန္တရာယ်အရမ်းများတဲ့အသင်းပါ”လို့ ပြောကြားခဲ့ပါတယ်။