The network connection is lost.

Banner Image

နောက်ရာသီအတွက် ဘိုင်ယန်မြူးနစ်ရဲ့လတ်တလောပြင်ဆင်မှုတွေကို အားရနေတဲ့ မူစီယာလာ

ဘိုင်ယန်မြူးနစ်ရဲ့ကြယ်ပွင့်ကစားသမားလေး ယာမယ်မူစီယာလာက လက်ရှိအချိန်မှာ ပြင်ဆင်မှုတွေပြုလုပ်နေတဲ့ အသင်းရဲ့လှုပ်ရှားမှုတွေကို အားရကျေနပ်နေပြီး နောက်ရာသီမှာတော့ အောင်မြင်မှုတွေပြန်လည် ရရှိဖို့ မျှော်လင့်နေတယ်လို့ပြောကြားလာခဲ့ပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလအတွက် ဘိုင်ယန်မြူးနစ်ဟာ ယခုအချိန်မှာပဲ ကစားသမားအများအပြားကို ပစ်မှတ်ထားနေပြီး ခေါ်ယူမှုတွေပြုလုပ်ဖို့ အရှိန်ယူနေပြီ  ဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ အောင်မြင်မှုတွေ အများအပြားရခဲ့ပေမယ့် မကြာသေးမီကကုန်ဆုံးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ ဆုဖလားဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် အသင်းရဲ့  အကြီးအကဲတွေက နောက်နှစ်မှာတော့ အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ပြင်ဆင်မှုတွေပြုလုပ်လိုနေတာဖြစ်ပါတယ်။

ကစားသမားအများအပြားကို လျင်လျင်မြန်မြန်ချိတ်ဆက်နေတဲ့ ဘိုင်ယန်မြူးနစ်ဟာ လက်ရှိအချိန်မှာတော့ စတုဂတ်နောက်ခံလူ ဟီရိုကီအီတိုကို စာချုပ် ချုပ်ဆိုခေါ်ယူထားပြီးဖြစ်သလို ဂျိုအိုပယ်လင်ဟာနဲ့ ဂျွန်နသန်တာတို့အတွက်လည်း ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်နေပြီဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိုပါကစားသမား ၂ ဦးစလုံးဟာ ဘိုင်ယန်မြူးနစ်သို့ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သဘောတူညီထားပြီးဖြစ်တယ်လို့သိရပါတယ်။

 ကွင်းလယ်တိုက်စစ်ပိုင်းအတွက် ဘိုင်ယန်မြူးနစ်ဟာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီကို ခေါ်ယူဖို့ နီးစပ်နေသလို နယ်သာလန်လက်ရွေးစင် ဇာဗီဆိုင်မွန်စ်ကိုလည်း ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဘိုင်ယန်မြူးနစ်ဟာ ဂိုးသမားနေရာကလွဲပြီး အသင်းရဲ့တိုက်စစ်၊ ကွင်းလယ်နဲ့ နောက်တန်းနေရာတွေအားလုံးအတွက် ကစားသမားသစ်ခေါ်ယူမှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ယခုအခါမှာတော့ ဂျာမနီအသင်းနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကြယ်ပွင့်ကစားသမားလေး မူစီယာလာက ဘိုင်ယန်မြူးနစ်ရဲ့လှုပ်ရှားမှုတွေကို အားရကျေနပ်နေပြီး နွေရာသီပြင်ဆင်မှုတွေက နောက်ရာသီမှာအောင်မြင်မှုရဖို့ အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။

ကစားသမားက “ပြောင်းလဲမှုတွေက အမြဲတမ်းအပြုသဘောဆောင်ပါတယ်။ အသင်းရဲ့ကစားပုံ ပိုကောင်းလာဖို့ ကျွန်တော်တို့ တတ်နိုင်သလောက်လုပ်နိုင်တာတွေလုပ်သွားမှာဖြစ်ပြီး နည်းပြသစ်ဗင်းဆင့်ကွန်ပနီရဲ့ အတွေးအမြင်တွေနဲ့ မြန်မြန်ဆန်ဆန်အံဝင်ခွင်ကျဖြစ်ဖို့ ကြိုးစားသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အနေနဲ့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှ အသင်းကနေကစားသမား ၆ ဦးအထိလက်လွှတ်သွားရမှာဖြစ်တာကြောင့် ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်သွားရဖွယ်ရှိနေပေမယ့် ကစားသမားသစ်တွေနဲ့ ချက်ချင်းဆိုသလို အစားထိုးနိုင်မှာလည်းဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ မူစီယာလာကိုတော့ အသင်းရဲ့ရေရှည်စီမံကိန်းမှာထည့်သွင်းထားတာကြောင့် ရောင်းချသွားဖွယ်မရှိဘဲ ကာလရှည်စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ကစားသမားဟာ အသင်းနဲ့စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပေမယ့် ဘိုင်ယန်မြူးနစ်ကတော့ ကစားသမားအပေါ် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ကာကွယ်လိုနေတာဖြစ်ပါတယ်။ လက်ရှိယူရိုပြိုင်ပွဲမှာ ခြေစွမ်းပြကစားနေတဲ့ မူစီယာလာဟာ ဂျာမနီအတွက် ၃ ပွဲကစား ၂ ဂိုးသွင်းယူထားနိုင်ပြီး အသင်းကို ရှုံးထွက် ၁၆ သင်းအဆင့်သို့ အုပ်စုဗိုလ်နဲ့ပို့ဆောင်ပေးထားနိုင်ပါတယ်။

အသက်-၂၀ နှစ်အရွယ် ကစားသမားဟာ ဂျာမနီရဲ့ယူရိုဖလားဆွတ်ခူးရေး ရည်မှန်းချက်မှာ အဓိကအခန်းကဏ္ဍကနေပါဝင်နေသလို လာမယ့် ၂၀၂၄-၂၅ ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့ကစားသမားအဖြစ် ခြေစွမ်းကောင်းတွေ ဆက်လက်ပြသသွာဦးမှာဖြစ်ပါတယ်။