ရီးရဲလ်ထံပြောင်းဖို့ အာဆင်နယ် နဲ့ ချဲလ်ဆီးပစ်မှတ်ကို မော်ရင်ဟို တိုက်တွန်း
ဖီနာဘာချီအသင်းနည်းပြ မော်ရင်ဟိုက နီကိုဝီလီယံက တကယ့်အံ့ဖွယ်ကစားသမားဖြစ်ပြီး အာဆင်နယ် နဲ့ ချဲလ်ဆီးထက် ရီးရဲလ်အသင်းထံသာပြောင်းရွှေ့ဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဝီလီယံဟာ စပိန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာကြောင့် ဥရောပအသင်းကြီးတော်တော်များများက စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်သားဟာ ဘီလ်ဘာအိုအသင်းနဲ့အတူ မှတ်တမ်းတွေရိုက်ချိုးနေပြီး အသင်းအတွက် လာလီဂါ ၁၄၂ ပွဲမှာ ၂၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဝီလီယံဟာ ယူရို ၂၀၂၄ ဖိုင်နယ်မှာ အင်္ဂလန်အသင်းကို ကျော်ဖြတ်ပြီး စပိန်အသင်းကို ချန်ပီယံဖြစ်စေခဲ့သလို ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီတစ်လျှောက်လုံးမှာ ဝီလီယံကို အာဆင်နယ် နဲ့ ချဲလ်ဆီးတို့က ချိတ်ဆက်ခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်လည်း ထပ်မံချိတ်ဆက်နေတာဖြစ်ပါတယ်။
ဒါပေမယ့် မော်ရင်ဟိုကတော့ စပိန်သားအနေနဲ့ အဆိုပါအသင်းတွေထက် ရီးရဲလ်အသင်းထံကိုသာပြောင်းရွှေ့သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။ “နီကိုက တကယ့်အံ့ဖွယ်ကစားသမားပါ။ နောက်ဆုံးယူရိုမှာလည်း သူခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အားလုံးက ယာမဲလ်ကိုပဲပြောနေကြပေမယ့် သူ့အပြင် ဝီလီယံလည်းရှိနေပါတယ်။
ဒါပေမယ့် ပုဂ္ဂိုလ်ရေးအရ ကျွန်တော် နီကိုကို ပိုသဘောကျပါတယ်။ သူက တကယ့်အံ့ဖွယ်ကစားသမားပါ။ တူရကီကလပ်တွေအနေနဲ့ သူ့ကိုခေါ်ယူသင့်ပါတယ်။ သူ့အနာဂတ်ကို ရီးရဲလ်အသင်းမှာ အဆုံးသတ်တာပဲမြင်ချင်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုဟာ ရီးရဲလ်အသင်းကို ၃ နှစ်ကြာကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၂ မှာ လာလီဂါချန်ပီယံဖြစ်စေခဲ့ပါတယ်။ မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက လာလီဂါ နဲ့ ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့ပေမယ့် အခုရာသီမှာတော့ ရုန်းကန်နေရပြီး ဘာစီလိုနာရဲ့နောက်မှာရောက်နေသလို ဥရောပမှာလည်း အဆင့် ၁၈ နေရာမှာ ရပ်တည်နေပါတယ်။
“ကျွန်တော်က ရီးရဲလ်ပရိသတ်ပါ။ သူတို့မှာ ကမ္ဘာ့အကောင်းဆုံးနည်းပြရှိနေပါတယ်။ ကျွန်တော့်သူငယ်ချင်း ကားလို့စ်ပါ။ အနာဂတ်မှာ အသင်းဘက်က အန်ဆယ်လော့တီနေရာအတွက် အလွန်ဆိုလိုငယ်ရွယ်တဲ့နည်းပြမျိုးခေါ်ယူသင့်ပါတယ်။
ဒါ့အပြင် ရာအူးလ် ၊ အာဘီလိုဝါတို့လည်း ရှိနေပါတယ်။ ပီရက်ဇ်အနေနဲ့ ဆုံးဖြတ်ချက်မမှားနိုင်ဘူးလို့ ကျွန်တော်ပြောနိုင်ပါတယ်။ ဖြည်းဖြည်းချင်းလုပ်ဆောင်ရပါမယ်။ သူတို့မှာ ကားလို့စ်နဲ့တူညီတာတွေရှိနေပါတယ်။ အောင်ပွဲက မကြာခင်မှာလာမှာပါ”လို့ မော်ရင်ဟိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ဖီနာဘာချီအသင်းဟာ ဂါလာစာရေးရဲ့နောက် ၆ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပြီး ယူရိုပါလိဂ်မှာတော့ အဆင့် ၁၅ နေရာမှာ ရပ်တည်နေပါတယ်။