
ယူရို-၂၀၂၄ ပြိုင်ပွဲမှာ စီရော်နယ်ဒိုရဲ့အခန်းကဏ္ဍ ဘယ်လိုရှိလာမလဲ ခန့်မှန်းသုံးသပ်လိုက်တဲ့ မော်ရင်ဟို
ဝါရင့်နည်းပြကြီး မော်ရင်ဟိုက စီရော်နယ်ဒိုဟာ ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် အဓိကအခန်းကဏ္ဍတစ်ခုမှ ပါဝင်လာလိမ့်မယ်လို့ ပြောကြားလိုက်ပြီး အီတလီအသင်းအနေဖြင့် လက်ရှိချန်ပီယံဘွဲ့ထိန်းသိမ်းနိုင်ရေးအတွက် လုံလောက်တဲ့အရည်အသွေးမျိုး မပိုင်ဆိုင်ထားဘူးလို့ ဝေဖန်လိုက်ပါတယ်။
ယူရို-၂၀၀၄ စတင်ကာ လက်ရွေးစင်အသင်းအတွက် ပထမဆုံးမေဂျာဆုဖလားပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ စီရော်နယ်ဒိုက သူ့ရဲ့လက်ရွေးစင်ကစားသမားဘ၀ ၁၁ ကြိမ်မြောက်မေဂျာဆုဖလားပြိုင်ပွဲမှာ ပါဝင်ကစားဖို့ ပြင်ဆင်နေပါတယ်။
အသက်-၃၉ နှစ်အရွယ်ကစားသမားက ဆော်ဒီပရိုလိဂ်ကစားသမားဘဝ၊ ဗွေဆော်ဦးဘောလုံးရာသီမှာ အယ်လ်နာဆာအသင်းအတွက် ၅၁ ပွဲကစား၊ ဂိုး ၅၀ သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် စီရော်နယ်ဒိုက ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းရဲ့တိုက်စစ်ပိုင်းမှာ ပွဲထွက်ခွင့်တစ်နေရာရရှိဖို့အတွက် လီဗာပူးတိုက်စစ်မှူးဂျိုတာ၊ ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်၊ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ဘာစီလိုနာမှာ အငှားကစားသမားဘဝဖြင့် တောက်ပခဲ့တဲ့ ဂျာအိုဖီးလစ်တို့နဲ့အပြိုင် တိုက်ပွဲဝင်ရဖို့ ရှိနေပါတယ်။
ယူရို-၂၀၂၄ ပြိုင်ပွဲဝင် ပေါ်တူဂီအသင်းမှာ စီရော်နယ်ဒိုရဲ့အခန်းကဏ္ဍ ဘယ်လိုရှိမလဲလို့ မေးမြန်းလာချိန် မော်ရင်ဟိုက “နည်းပြကိုယ်တိုင် အသိဆုံးပါပဲ။ စီရော်နယ်ဒိုကလည်း သူ့ရဲ့ခံစားချက်၊ သူ့ရဲ့ရည်မှန်းချက်၊ နည်းပြက သူ့ကို ဘယ်လိုကစားစေချင်သလဲ၊ ပွဲစဉ်တိုင်း ပွဲချိန်ပြည့်ကစားမလား သို့မဟုတ် အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ပါဝင်မလားဆိုတာ ကောင်းကောင်းသိရှိထားသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ကြားမှာ ဖြစ်ပျက်နေတဲ့အရာတွေက အများကြီးပါပဲ။ စီရော်နယ်ဒိုကိုယ်တိုင်ကလည်း အသင်းအပေါ် သြဇာလွှမ်းမိုးမှု ကြီးမားသလို ဂိုးတွေလည်း သွင်းယူသွားနိုင်ပါလိမ့်မယ်။
သွင်းဂိုးမရရှိဘဲ ယူရိုပြိုင်ပွဲကနေ စီရော်နယ်ဒိုပြန်လာလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ လူတိုင်းလည်း ကျွန်တော်တွေးနေသလိုမျိုးပဲ လက်တွေ့ကျကျတွေးနေမိလိမ့်မယ်လို့ ထင်ပါတယ်။ဒီပြိုင်ပွဲမှာ ပေါ်တူဂီ၊ အင်္ဂလန်၊ ပြင်သစ်တို့ ဗိုလ်စွဲဖို့ရေပန်းစားသလို ဒီအသင်းတွေရဲ့နောက်မှာ ဂျာမနီ၊ စပိန်တို့ ရှိနေပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မော်ရင်ဟိုက စပိန်၊ ခရိုအေးရှား၊ အယ်လ်ဘေးနီးယားတို့နဲ့အတူ အုပ်စုကျပ်အတွင်း ကျရောက်နေတဲ့ အီတလီအသင်းအတွက် ခန့်မှန်းသုံးသပ်မှုတစ်ခု ပြုလုပ်လိုက်ပါတယ်။
“ကျွန်တော်ကတော့ လက်ရှိအီတလီအသင်းအပေါ် ယုံကြည်ပေးလို့ မရပါဘူး။ သူတို့က အရမ်းထူးချွန်နေတဲ့မျိုးဆက်တစ်ခုလည်း မဟုတ်ပါဘူး။ သူတို့မှာ ဒီပြိုင်ပွဲကို ဗိုလ်စွဲဖို့ လုံလောက်တဲ့ အရည်အသွေးမျိုး မမြင်တွေ့ရသေးပါဘူး။ နောက်ဆုံးကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ သူတို့ ဗိုလ်စွဲခဲ့ပေမယ့် ဒုတိယအကြိမ်တော့ ကျွန်တော် မယုံကြည်ပေးနိုင်ပါဘူး”လို့ မော်ရင်ဟိုက ဆိုပါတယ်။
သောကြာနေ့ညပိုင်း ခြေစမ်းပွဲစဉ်မှာ အိုက်စလန်ကို အင်္ဂလန်က ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ပြိုင်ပွဲအကြို ခြေစမ်းပွဲတွေရဲ့အရေးပါမှုအပေါ် ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်နည်းပြဟောင်းက ပယ်ချလိုက်ပါတယ်။
မော်ရင်ဟိုက “ဒါက နည်းပြတွေရဲ့ ပွဲစဉ်အပေါ် ရှုမြင်ပုံ၊ သူရရှိနိုင်မယ့်ရည်မှန်းချက်တွေအပေါ်မှာပဲ မူတည်ပါတယ်။အင်္ဂလန်က ဝင်ဘာလေကွင်းမှာ အိုက်စလန်ကို ရှုံးနိမ့်ခဲ့ပါတယ်။ ကမ္ဘာကြီးကတော့ အဆုံးမသတ်သွားပါဘူး။ အစစ်အမှန်အခိုက်အတန့်တွေက ပြိုင်ပွဲထဲမှာပဲ ရှိပါတယ်။ လွယ်ကူတဲ့ ခြေစစ်ပွဲအဆင့်တွေမှာ သို့မဟုတ် ခြေစမ်းပွဲစဉ်တွေမှာ မရှိပါဘူး”လို့ ဆိုပါတယ်။