ကလေး ၅ယောက်မိခင်၊ ဖာဘရီဂတ်စ်ရဲ့နှလုံးသားကို လွှမ်းမိုးထားသူ ဒန်နီရယ်လာဆီးမန်း
သူကတော့ ကလေး ၅ယောက်မိခင် လက်ဘနွန်ဖွားဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်ရဲ့နှလုံးသားတစ်စုံကိုလည်း သိမ်းပိုက်ထားသူဖြစ်ပါတယ်။ သူကတော့ ဒန်နီရယ်လာဆီးမန်းဖြစ်ပြီး ဘယ်နေရာပဲသွားသွား သူ့ရဲ့ပြင်းပြလှတဲ့လှသွေးကြွယ်မှုတွေက မြင်ရသူအမျိုးသမီးတိုင်းကို မနာလို၊ အားကျစေသူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၇ ခုနှစ်က နှစ်ဦးသား ဘဝချင်းမပေါင်းစပ်ခင် အတူနေချစ်သူတွေအဖြစ် ၆နှစ်ကြာ တွဲခဲ့တာဖြစ်ပါတယ်။
ဖာဘရီဂတ်စ်က မမကြီးကိုမှ အသည်းစွဲချစ်မြတ်နိုးနေတာဖြစ်ပြီး ဒန်နီရယ်လာက အခုဆိုရင် အသက် ၄၆ နှစ်ရှိနေပြီဖြစ်ပေမယ့် အခုချိန်အထိ အသက်အရွယ်နဲ့မလိုက် လှသွေးကြွယ်နေဆဲဖြစ်ပါတယ်။ ဖာဘရီဂတ်စ်က အသက် ၃၄နှစ်ရှိနေပြီဖြစ်လို့ ဒန်နီရယ်လာထက် အသက် ၁၂နှစ်တောင်ပိုငယ်ပြီး အဲဒီမိုနာကိုကစားသမားအနေနဲ့ နှစ်ချို့ဝိုင်တွေကို ကြိုက်နှစ်သက်သလို ကိုယ့်ထက် အသက်ကြီးသူကို ဇနီးလောင်းအဖြစ် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ဖာဘရီဂတ်စ်နဲ့ ဒန်နီရယ်လာတို့ဟာ ၂၀၁၁ ကတည်းက ဒိတ်လုပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်မှာ အခုဆိုရင် ကလေး ၃ဦးအထိ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ အကြီးဆုံးကတော့ သမီးလေးဖြစ်ပြီး နာမည်က လီယာလို့ ခေါ်ပါတယ်။ ၂၀၁၅ မှာ ဒန်နီရယ်လာက ဖာဘရီဂတ်စ်အတွက် ကာပရီလို့ အမည်ရတဲ့ နောက်ထပ်ချစ်စရာ သမီးလေးတစ်ဦး မွေးဖွားပေးခဲ့သလို ၂၀၁၇ ကလည်း တတိယမြောက်ရင်သွေးအဖြစ် လီယိုနာဒိုကို မွေးဖွားခဲ့ပါတယ်။ ဒန်နီရယ်လာဟာ ခင်ပွန်းသည်ဟောင်း အယ်လီတာတော့နဲ့လည်း ကလေး နှစ်ဦးမွေးဖွားခဲ့ပြီး မာရီယာနဲ့ ဂျိုးဆက်လို့ အမည်ပေးထားပါတယ်။
ဖာဘရီဂတ်စ်နဲ့ ဒန်နီရယ်လာတို့ ပထမဆုံးတွေ့ဆုံခဲ့ကြတာကတော့ လန်ဒန်မြို့ရှိ လူကုံထံအသိုင်းအဝိုင်းတွေ စားသောက်ရာ ဂျပန်ရိုးရာ စားသောက်ဆိုင်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ဒန်နီရယ်လာက ဘောလုံးအားကစားကို ချစ်မြတ်နိုးတဲ့ သားဖြစ်သူ ဂျိုးဆက်အတွက် ဖာဘရတ်စ်ကို လက်မှတ်ထိုးပေးဖို့ ချဉ်းကပ်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက် မက်ဆေ့ချ်တွေအပြန်အလှန်ပေးပိုရင်း ရင်းနှီးသွားခဲ့ကြပါတယ်။
ဒါပေမဲ့ သတင်းတွေရဲ့ဖော်ပြချက်အရတော့ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက တစ်မျိုးဖြစ်ပါတယ်။ အဲဒီသတင်းတွေရဲ့ဖော်ပြချက်အရ ဒန်နီရယ်လာဟာ ဂျပန်စားသောက်ဆိုင်မှာ ဖာဘရီဂတ်စ်ကို တွေ့တော့ စာရွက်မှာ သူ့ဖုန်းနံပါတ်ရေးပြီး ဖာဘရီဂတ်စ်ထိုင်နေတဲ့ စားပွဲပေါ် တင်သွားခဲ့တာလို့ သိရပါတယ်။ လန်ဒန်မြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တာတော့ကလည်း ဖာဘရီဂတ်စ်နဲ့တွေ့ဆုံချိန်မှာ ဒန်နီရယ်လာနဲ့သူနဲ့ အကြင်လင်မယားအဖြစ် ပေါင်းသင်းနေထိုင်နေဆဲဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် တာတော့က အဲဒီအချိန်မှာ သူနဲ့ ဒန်နီရယ်လာတို့ဟာ ကလေးယူဖို့ ကြိုးစားနေခဲ့တဲ့အချိန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။
တာတော့က သူနဲ့ဒန်နီရယ်လာတို့ရဲ့ ၁၃နှစ်ကြာ မင်္ဂလာသက်တမ်းကာလအတွင်း ဖာဘရီဂတ်စ်နဲ့ ဒန်နီရယ်လာတို့ ဖောက်ပြန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပြီး တရားရုံးမှာ ဒန်နီရယ်လာက ဖာဘရီဂတ်စ်အနေနဲ့ သူ့ရဲ့ အသုံးအဖြုန်းကြီးတဲ့ ဘဝမှာ ဘာမှငွေကြေးထောက်ပံ့တာမျိုးမရှိဘူးလို့ လိမ်လည်ထွက်ဆိုခဲ့ကြောင်း ပြောပါတယ်။ တာတော့ဟာ သူတို့ဇနီးမောင်နှံနှစ်ယောက် ပူးတွဲပိုင်ဆိုင်တဲ့ အိမ်ကို မဖြစ်မနေရောင်းချဖို့ ညွှန်ကြားခံခဲ့ရပြီး အဲဒီအိမ်ကို ဖာဘရီဂတ်စ် ပါဝင်တဲ့ ကုမ္ပဏီက ပေါင် ၅.၄ သန်းနဲ့ ဝယ်ဖို့ ကြိုးစားမှုအပေါ် ဒေါသထွက်နေသလို အဲဒီကမ်းလှမ်းချက်ကိုလည်း ငြင်းဆန်ခဲ့ပါတယ်။
အဆုံးသတ်မှာတော့ ဖာဘရီဂတ်စ်နဲ့ ဒန်နီရယ်လာတို့က တရားရုံးမှာ အနိုင်ရခဲ့ပြီး အဲဒီနေအိမ်ကို ထုတ်ရောင်းခဲ့ပြီးနောက် ဒန်နီရယ်လာလည်း ပေါင် ၁.၄သန်းရသွားပါတယ်။ အစ္စရေးနိုင်ငံသူ ဒန်နီရယ်လာဟာ ဘာစီလိုနာကစားသမားတွေရဲ့ပွဲတွေမှာ တက်ရောက်လေ့ရှိသလို တွစ်တာမှာလည်း မကြာခဏတင်ခဲ့ပါတယ်။ ဒန်နီရယ်လာဟာ WAGs တွေရဲ့ထုံးစံအတိုင်း အသုံးအဖြုန်းကြီးသူပြီး လက်ဖွာသူအဖြစ် နာမည်ကျော်သူဖြစ်ပါတယ်။
ဖာဘရီဂတ်စ်နဲ့ ပထမဆုံးဒိတ်ခဲ့စဉ်မှာ သူဟာ ဘာစီလိုနာမြို့ရဲ့ နာမည်ကျော်လမ်းတွေထက်မှာ ဖာရာရီကားလေး မောင်းရင်း ဖက်ရှင်ဆိုင်တွေမှာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ ဈေးဝယ်ထွက်ခဲ့တာများပါတယ်။ သူ့စိတ်ကြိုက် ဆိုင်ကတော့ Chopard ဖြစ်ပြီး အဲဒီဆိုင်ကနေ တန်ဖိုးကြီးလက်ဝတ်ရတနာတွေကို မကြာခဏဝယ်ယူလေ့ရှိပါတယ်။