အေတီကိုနဲ့ စပိန်အသင်းကို လမ်းခွဲမယ်လို့ အရိပ်အမြွက်ပြောလာပြန်တဲ့ မိုရာတာ
အယ်လ်ဗာရိုမိုရာတာက အက်သလက်တီကိုမက်ဒရစ်နဲ့ စပိန်လက်ရွေးစင်အသင်းတို့မှာ ရှိနေတဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထင်ကြေးပေးမှုတွေ ထပ်မံပြုလုပ်လာခဲ့ပါတယ်။
အသက်-၃၂ နှစ်အရွယ်ကစားသမားက အေတီကိုမှထွက်ခွာဖို့အကြောင်း သုံးနှစ်ဆက်တိုက် စဉ်းစားခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ မက်ဒရစ်မှာပဲ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့ပါတယ်။ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ မိုရာတာက လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့အတူ ပုံမှန်ပွဲထွက်ခွင့်မရရှိဘူးဆိုရင် စပိန်မြို့တော်ကြီးရဲ့အဝေးဆီ ထွက်ခွာသွားရလိမ့်မယ်လို့ အတိတ်မှာ ထုတ်ပြောခဲ့ဖူးပါတယ်။
ဆော်ဒီဘက်မှ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ဖူးတဲ့ မိုရာတာက ဆုဖလားအောင်မြင်မှု မရရှိဘဲ အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာသွားမှာမဟုတ်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါပေမယ့် Cadena COPE သတင်းဌာနနဲ့ လတ်တလောအင်တာဗျူးအစီအစဉ်တစ်ခုမှာတော့ မိုရာတာက သူ့ရဲ့ရွေးချယ်ခွင့်တွေအပေါ် ပြန်လည်စမ်းစစ်နေပြီလို့ အရိပ်အမြွက်ထုတ်ပြောလာပါတယ်။
“ဘောလုံးမှာ ဘယ်အရာကိုမှ ပုံသေကားကျ သတ်မှတ်ထားလို့ မရပါဘူး။ ကျွန်တော်ဆက်ရှိနေချင်ပေမယ့် ဝေဖန်မှုတွေအများကြီးနဲ့အတူ စပိန်မှာ ကျွန်တော့်အတွက် ရှုပ်ထွေးတဲ့ အချိန်တွေလည်း ရှိပါတယ်”လို့ မိုရာတာက ဆိုပါတယ်။
ဆက်လက်ပြီး သူက ယူရို-၂၀၂၄ ပြိုင်ပွဲအပြီး နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အဆုံးသတ်လိုက်ဖို့ ဖြစ်နိုင်ခြေတွေနဲ့ပတ်သက်လို့ မေးခွန်းတွေကို တုံ့ပြန်ဖြေကြားလိုက်ပါတယ်။
မိုရာတာက “အခုယူရိုပြိုင်ပွဲကြီးက နိုင်ငံ့လက်ရွေးစင်အသင်းနဲ့အတူ ကျွန်တော့်အတွက် နောက်ဆုံးအကြိမ်ပြိုင်ပွဲဖြစ်လာမယ်ဆိုရင်တောင် တက်နိုင်သမျှ အကောင်းဆုံး နည်းလမ်းနဲ့ ဒါကို ကျွန်တော် အဆုံးသတ်သွားချင်ပါတယ်။ ယူရိုအပြီးမှာ ကျွန်တော် ထွက်ခွာသွားလိမ့်မယ်ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါက ဖြစ်နိုင်ခြေတစ်ခုပါ။ စကားတွေ အများကြီးသိပ်မပြောချင်ပါဘူး”လို့ ဆိုပါတယ်။
နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ၃၆ ဂိုးအထိ သွင်းယူထားနိုင်တဲ့ မိုရာတာက စပိန်လက်ရွေးစင်အသင်းသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ကစားသမားစာရင်းရဲ့ စတုတ္ထနေရာမှာ ရပ်တည်နေပြီး လာမယ့်သီတင်းပတ်အတွင်း နှစ်ဂိုးအကွာမှာရှိနေတဲ့ ဖာနန်ဒိုတောရက်စ်ကို ကျော်ဖြတ်သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။