The network connection is lost.

Banner Image

အေစီမီလန်ဆီပြောင်းရွှေ့မယ်လို့ အတည်ပြုပေးလိုက်တဲ့ မိုရာတာ

အယ်လ်ဗာရိုမိုရာတာက အက်သလက်တီကိုမက်ဒရစ်အသင်းဖော်တွေကို နှုတ်ဆက်ခဲ့ပြီး အေစီမီလန်ဆီ ပြောင်းရွှေ့တော့မယ်လို့ အတည်ပြုပေးလိုက်ပါတယ်။ စီးရီးအေကလပ်အသင်းက မိုရာတာကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၃ သန်းကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ပြီး ယနေ့(ဇူလိုင် ၁၇ ရက်)၊ မက်ဒရစ်မြို့မှာ ကစားသမားနဲ့အတူ ဆေးစစ်မှုတစ်ခုပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

စပိန်လက်ရွေးစင်အသင်းကပ္ပတိန်အဖြစ် ယူရို-၂၀၂၄ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးက မက်ဒရစ်မြို့အခြေစိုက်အသင်းဆီပြန်လာပြီး အသင်းဖော်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ လေ့ကျင့်ကွင်းမှထွက်လာချိန် သူ့ကို စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေက လတ်တလော အေစီမီလန်နဲ့အတူ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းအတွေအကြောင်း မေးမြန်းခဲ့ကြပါတယ်။

“အသင်းပြောင်းဖို့ ဆေးစစ်မှုခံယူရပါဦးမယ်။ ဒါပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်လာပါလိမ့်မယ်။ ကလပ်အသင်းဖော်တွေကိုလည်း နှုတ်ဆက်ခဲ့ပြီးပါပြီ။ ကျွန်တော့်ကို အမြဲတမ်းကူညီပေးခဲ့သူတွေကို အရာရာတိုင်းအတွက် ကျေးဇူးတင်ကြောင်း ပြောဖို့ဆိုတာ ကျွန်တော့်အတွက် အရေးပါလွန်းခဲ့ပါတယ်။ အသင်းအကြီးအကဲတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ကျွန်တော့်အတွက် အရမ်းကောင်းတဲ့အခိုက်အတန့်တွေ များများစားစားမရှိခဲ့ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် နေရာတစ်ခုမှာ ရောက်ရှိနေချိန် ရာနှုန်းပြည့်ပေးဆပ်ဖို့ မဖြစ်နိုင်ဘူးဆိုရင် အခုလိုဆုံးဖြတ်ချက်မျိုးက သက်ဆိုင်သူအားလုံးအတွက် အရမ်းကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ လိမ်ညာပြီးလည်း မပြောချင်ပါဘူး။ ကျွန်တော့်အတွက် အေတီကိုအသင်းနဲ့အတူ အမှတ်ပေးဖလားအနိုင်ရရှိမှုက ဥရောပဖလားကြီး ကိုင်မြှောက်ရသလိုပါပဲ။ ယူရိုပြိုင်ပွဲတလျှောက်လုံးမှာလည်း အက်သလက်တီကိုမက်ဒရစ်လိုဂိုပါဝင်တဲ့ ခြေကာကို ကျွန်တော်ဝတ်ဆင်ကစားခဲ့ပါတယ်”လို့ မိုရာတာက ပြောပါတယ်။

အခုတကြိမ်အပြောင်းအရွှေ့က လာမယ့်အောက်တိုဘာလအတွင်း အသက်-၃၂ နှစ်ပြည့်မြောက်မယ့် တိုက်စစ်မှူးအတွက် စီရီးအေဆီ တကျော့ပြန်ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ သူက ဂျူဗင်တပ်စ်အသင်းအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တစ်ကြိမ်၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ ပါဝင်ကစားခဲ့ဖူးပါတယ်။