ချဲလ်ဆီးဟာ လက်ရှိရုန်းကန်နေရတဲ့ အသင်းရဲ့အခြေအနေတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် နည်းပြ အပြောင်းအလဲပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး ယခုအခါမှာတော့ အေစီမီလန်က ပစ်မှတ်ထားနေတဲ့ ဘရိုက်တန်နည်းပြ ရော်ဘတ်တိုဒီဇာဘီကို ချဉ်းကပ်မှုတွေပြုလုပ်လာခဲ့ပါတယ်။
အီတလီလူမျိုးနည်းပြ ဒီဇာဘီဟာ ဘရိုက်တန်နဲ့ အတူ တောက်ပတဲ့ စွမ်းဆောင်ရည်တွေကို တောက်လျှောက်ပြသထားနိုင်တာကြောင့် နည်းပြလောကမှာ နာမည်ရလာခဲ့ပြီး ချဲလ်ဆီးနဲ့ အေစီမီလန်သာမက လီဗာပူး၊ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပ ကလပ်အသင်းကြီးတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာဖြစ်ပါတယ်။
ဆက်ဆူအိုလိုနဲ့ ရှက်တာဒိုးနက်လိုအသင်းတွေရဲ့ နည်းဗျူဟာပိုင်း စီမံခန့်ခွဲမှုကို တာဝန်ယူခဲ့ဖူးတဲ့ ဒီဇာဘီဟာ အခုချိန်မှာတော့ ပရီးမီးယားလိဂ်ရဲ့ အထင်ရှားဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် ရပ်တည်ထားနိုင်တာဖြစ်ပါတယ်။ ယခုအခါ သတင်းတွေအရ အေစီမီလန်ဟာ စတီဖာနိုပီအိုလီရဲ့ နေရာမှာ အစားထိုးဖို့အတွက် ဒီဇာဘီကို နံပါတ်တစ် ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး လာမယ့်ရာသီ ဆန်စီရိုမှာ အေစီမီလန် ခေတ်တစ်ခေတ်ပြန်လည်တည်ဆောကိဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းကလည်း လက်ရှိ ရုန်းကန်နေရတဲ့ အခြေအနေတွေကနေ ကျော်လွှားနိုင်ဖို့ နည်းပြ မော်ရီစီယို ပိုချက်တီနိုကို ထုတ်ပယ်ဖို့ ကြိုးစားနေကြောင်းနဲ့ ဒီဇာဘီကို အစားထိုးခန့်အပ်ဖို့ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် ဒီဇာဘီအနေနဲ့ ဘရိုက်တန်ကနေထွက်ခွာမယ်ဆိုပါက စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၁၀ သန်းသာပေးချေရမှာဖြစ်တာကြောင့် ချဲလ်ဆီးက ခေါ်ယူဖို့ အသင့်ရှိနေတာဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဘိုင်ယန်မြူးနစ်ကလည်း လာမယ့်နွေရာသီ အသင်းကနေ ထွက်ခွာမယ့် သောမတ်စ်တူချယ်နေရာမှာ အစားထိုးဖို့ ဇာဘီအလွန်ဆိုကို ပစ်မှတ်ထားနေပေမယ့် ဒီဇာဘီကိုလည်း ဆန်ခါတင်စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့သိရပါတယ်။ ဒါ့အပြင် အီတလီသားဟာ ဘာစီလိုနာနဲ့ လီဗာပူးတို့ရဲ့ချိတ်ဆက်မှုတွေနဲ့လည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။