The network connection is lost.

Banner Image

သူဟာ ဒီဘရိုင်း နေရာအတွက် အစားထိုးသူ မဟုတ်ကြောင်း ပြောကြားလိုက်တဲ့ ဖီးလ် ဖိုဒန်

မန်စီးတီး ကြယ်ပွင့် ဖီးလ် ဖိုဒန်က သူဟာ ကီဗင် ဒီဘရိုင်းနေရာအတွက် အစားထိုးသူ မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း ၂၀၂၅-၂၆ ရာသီတွင် အကောင်းဆုံးအဆင့်သို့ ပြန်လည်ရောက်ရှိရန် ကတိပြုလိုက်ပါတယ်။

ဖိုဒန်ရဲ့ ခြေစွမ်းက ပြီးခဲ့တဲ့ ၁၂ လအတွင်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်တွင် အဆိုပါနှစ်အတွက် ကစားသမားဆုရှင်အဖြစ် ရွေးချယ်ခံခဲ့ရပြီး မန်စီးတီးနှင့်အတူ လိဂ်ဖလား ခြောက်ကြိမ် ရရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ရာသီက နည်းပြ ပက် ဂွါဒီယိုလာ လက်အောက်တွင် သူ့ရဲ့ပွဲထွက်ကစားချိန်မှာ ကန့်သတ်ခံခဲ့ရပါတယ်။ သို့သော်လည်း အသင်းရဲ့ အဓိက ကစားသမား ဒီဘရိုင်းက နာပိုလီ သို့ ပြောင်းရွှေ့သွားခဲ့တာကြောင့် အသက် ၂၅ နှစ်အရွယ် ဖိုဒန်ကို အဆိုပါနေရာတွင် အစားထိုးရန် တောင်းဆိုမှုများ ရှိခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်က မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း နေရာတွင် အစားထိုးသူဖြစ်ကြောင်း ပြောဆိုမှုများကို ပယ်ချခဲ့သော်လည်း ယခုရာသီတွင် သူ့ရဲ့အကောင်းဆုံးခြေစွမ်းသို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းမယ်လို့ မန်စီးတီးပရိသတ်များကို ကတိပြုခဲ့ပါတယ်။ 

"ဒီနှစ်မှာ နည်းပြက ကျွန်တော့်ကို ဘယ်နေရာမှာ ထားမလဲဆိုတာ မသေချာပါဘူး၊ ကျွန်တော် နေရာအမျိုးမျိုးမှာ ကစားနိုင်ပေမဲ့ ကျွန်တော့်ရဲ့ အဓိကနေရာက အတွင်းပိုင်းမှာ ကစားတာဆိုတာ ကျွန်တော်တို့ အားလုံးသိပါတယ်။ ဒါကြောင့် ဘာဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့"

"ကျွန်တော်ဟာ ဒီဘရိုင်း လုပ်ခဲ့တာတွေကို အတုယူဖို့ ဒီမှာ မရှိပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူ ဘယ်လောက်ကောင်းပြီး ကလပ်အတွက် ဘာတွေလုပ်ပေးခဲ့တယ်ဆိုတာ ကျွန်တော်တို့ အားလုံးသိကြပါတယ်။ ဒါဟာ ကျွန်တော့်ရဲ့ အကောင်းဆုံးကို ကြိုးစားဖို့၊ အကောင်းဆုံး ကစားသမားဆု ရရှိခဲ့တဲ့ အဆင့်ကို ပြန်ရောက်ဖို့ပါပဲ၊ အဲဒီအဆင့်ကို ပြန်သွားချင်ပါတယ်။ လေ့ကျင့်ပြီး အဲဒီအဆင့်ကို ပြန်ရောက်အောင် လုပ်နိုင်ပါတယ်၊ အဲဒါက ကျွန်တော် လုပ်ဖို့ ကြိုးစားနေတာပါ" လို့ သူက ပြောပါတယ်။

ဖိုဒန်က ဂွါဒီယိုလာရဲ့ ယုံကြည်မှုကို ပြန်လည်ရယူလိုပါက ယခုရာသီတွင် သူ့ရဲ့ခြေစွမ်းကို အကြီးအကျယ် တိုးတက်အောင် လုပ်ဆောင်ရန် လိုအပ်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီရဲ့ ဂိုးပါဝင်ပတ်သက်မှု ပိုင်းတွင် သိသိသာသာ ကျဆင်းသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းက ဂိုးဖန်တီးမှု ၄၀ ရှိခဲ့ရာမှ ပြိုင်ပွဲအားလုံးတွင် ဂိုးဖန်တီးမှု ၂၀ သာ ရရှိခဲ့ပါတယ်။

ဇူလိုင်လအထိ ပါဝင်ခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားအပြီး မန်စီးတီးရဲ့ ရာသီကြိုပြင်ဆင်မှုများက ယခုရက်သတ္တပတ်တွင် စတင်မှာဖြစ်ပါတယ်။ စနေနေ့တွင် ပါလာမိုနှင့် ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ပတ်တွင် ဝုဗ် သို့ သွားရောက်၍ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီသစ်ကို စတင်ရမှာ ဖြစ်ပါတယ်။