The network connection is lost.

Banner Image

စာချုပ်သစ်အတွက် ကိုင်စီဒိုနဲ့ ဆွေးနွေးမှုပြုလုပ်လိုနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ အသင်းရဲ့ကွင်းလယ်လူ ကိုင်စီဒိုနဲ့ စာချုပ်သက်တမ်း ၆ နှစ်အထိ ကျန်ရှိနေသေးပေမယ့် စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လိုနေတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ 

Telegraph ရဲ့အဆိုအရ ကိုင်စီဒိုရဲ့ခြေစွမ်းတိုးတက်လာမှုကို ချဲလ်ဆီးဘက်က အတော်လေးသဘောကျနေပြီး လစာတိုးမြှင့်ပေးဖို့ အဓိကရည်ရွယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။တောင်အမေရိကသားဟာ ပြီးခဲ့တဲ့ရာသီက ကလပ်ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအပြင် အသင်းဖော်တွေက ပေးအပ်တဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။ 

ဘရိုက်တန်ကွင်းလယ်လူဟောင်းဟာ ချဲလ်ဆီးသို့ ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ရောက်ရှိလာခဲ့ပြီး စာချုပ်ပါသဘောတူညီချက်အရ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပါက လက်ရှိလစာရဲ့ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်ရရှိသွားမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ လစာ တိုးမြင့်ဖို့ အလားအလာများနေပေမယ့် ချဲလ်ဆီးဘက်က ကစားသမားကို စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ပါ ဆွေးနွေးလိုနေတာဖြစ်ပါတယ်။ 

အသင်းဖော်တွေဖြစ်တဲ့ ကိုးလ်ပယ်လ်မာရဲ့ နီကိုးလက်စ်ဂျန်ဆန်တို့က ချဲလ်ဆီးနဲ့ ၂၀၃၃ ခုနှစ်အထိ အသီးသီးစာချုပ်ချုပ်ဆိုထားခဲ့ကြတာကြောင့် ကိုင်စီဒိုအနေနဲ့လည်း တူညီတဲ့သက်တမ်းရှိစာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားဖွယ်ရှိပါတယ်။ ကိုင်စီဒိုဟာ ချဲလ်ဆီးအတွက် စွယ်စုံရကစားသမားတစ်ယောက်အဖြစ် နေရာစုံမှာကစားထားပြီး ကွင်းလယ်ခံစစ်သာမက ညာနောက်ခံလူအဖြစ်ပါ အသုံးပြုလို့ရနေတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ရပ်ကို ပုံဖော်ထားနိုင်ပါတယ်။ လာမယ့် သောကြာနေ့မှာတော့ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ယူရိုပါကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဒီဂျာဂါးဒင်းနဲ့ ယှဉ်ပြိုင်သွားရပါမယ်။