အခုဘောလုံးရာသီကုန်မှာ လီဗာပူးအသင်းမှ ထွက်ခွာသွားရလိမ့်မယ်လို့ ယုံကြည်နေတဲ့ မိုဆာလက်
မိုဆာလက်က လာမယ့်နွေရာသီကာလမှာ လီဗာပူးအသင်းမှ ထွက်ခွာသွားရလိမ့်မယ်လို့ ယုံကြည်နေပြီး အခုရာသီ၊ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို အရယူနိုင်ဖို့အတွက် ရည်မှန်းနေပါတယ်။
Sky Sports နဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ မိုဆာလက်က သူ့ရဲ့လက်ရှိစာချုပ်သက်တမ်းပြည့်မြောက်မယ့် နွေရာသီကာလမှာ လီဗာပူးအသင်းမှ ထွက်ခွာသွားရလိမ့်မယ်လို့ ဆွေးနွေးခဲ့ပါတယ်။ အီဂျစ်လက်ရွေးစင်က ဒီနှစ်ဟာ အန်ဖီးလ်အတွက် သူ့ရဲ့နောက်ဆုံးနှစ်ဖြစ်ပြီး နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ လိုအပ်နေတယ်လို့ အတိအလင်းပြောဆိုခဲ့ပါတယ်။ သူက အခုဘောလုံးရာသီ၊ လိဂ် ၁၈ ပွဲကစား၊ ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၃ ကြိမ်ပြုလုပ်ကာ အကောင်းဆုံးပုံစံပြသထားနိုင်ပါတယ်။
ဆက်လက်ပြီး မိုဆာလက်က လာလီဂါဆီပြောင်းရွှေ့ဖို့ အရိပ်အမြွက်အဖြစ် စပိန်ဘာသာစကား သင်ယူနေတယ်လို့ ပြောဆိုခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ လီဂူးဝမ်းအင်အားကြီးပီအက်စ်ဂျီအပြင် ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေကပါ စိတ်ဝင်စားခဲ့ဖူးပါတယ်။ လီဗာပူးအသင်းဘက်ကတော့ သူ့ကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေပေမယ့် မိုဆာလက်ကတော့ အသင်းမှ ထွက်ခွာသွားရလိမ့်မယ်လို့ပဲ ယုံကြည်နေပါတယ်။ မိုဆာလက်က “စာရင်းထဲမှာပါတဲ့ ပထမဆုံးအရာက လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ဖို့ပါပဲ။
ပြီးခဲ့တဲ့ခုနစ်နှစ်၊ ရှစ်နှစ်အတွင်း ကျွန်တော့်ရဲ့အင်တာဗျူးတွေမှာ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်ချင်တယ်လို့ အမြဲတမ်းပြောဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် ပြောရပါလိမ့်မယ်။ ကျွန်တော် လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ အမှန်တကယ်လိုလားမိပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာဖို့ အဓိကအာရုံစိုက်နေရတဲ့ အကြောင်းရင်းကို မေးမြန်းရာမှာ မိုဆာလက်က “ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ချိန်မှာ ကိုယ်လိုချင်တဲ့အတိုင်း အောင်ပွဲမခံနိုင်ခဲ့လို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါက ကလပ်အသင်းမှာ ကျွန်တော့်ရဲ့နောက်ဆုံးနှစ်ပါ။ ဒါကြောင့် ထူးထူးခြားခြားတစ်ခုခုတော့ လုပ်သွားချင်ပါတယ်။ ကျွန်တော့်ရဲ့စိတ်ထဲမှာ ဒီအတွေးမျိုးပဲ ရှိပါတယ်။
ကျွန်တော်တို့တွေ လိဂ်ချန်ပီယံဆုရရှိဖို့ နှစ် ၃၀ စောင့်ဆိုင်းခဲ့ရပါတယ်။ အနိုင်ရရှိခဲ့ချိန်မှာလည်း ကပ်ရောဂါကာလဖြစ်နေလို့ ပုံမှန်အတိုင်း အောင်ပွဲမခံနိုင်ခဲ့ပါဘူး။ ဒါက သိပ်တော့ မကောင်းလှပါဘူး။ ဒါကြောင့်ဒီနှစ်မှာ ပုံမှန်လိုမျိုးအောင်ပွဲခံနိုင်လိမ့်မယ်လို့ အပြည့်အဝမျှော်လင့်မိပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လီဗာပူးအသင်းက အခုသီတင်းပတ်ကုန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားရင်း အမှတ်ပေးဇယားဦးဆောင်မှုကို အခုထက်ပိုပြီး ပြတ်ပြတ်ပြတ်သားဦးဆောင်နိုင်ဖို့ ကြိုးပမ်းသွားပါလိမ့်မယ်။