ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးနောက် အာဆင်နယ်က ဆုဖလားပြိုင်ဆိုင်မှုထဲ ပြန်လည်ဝင်ရောက်လာပြီလို့ ကြွေးကြော်လိုက်တဲ့ အာတီတာ
မီကယ်အာတီတာက အာဆင်နယ်အသင်းဟာ မနေ့ည ခရစ္စတယ်ပဲလေ့စ်ကို ၅-၁ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲထဲ ပြန်လည်ဝင်ရောက်လာပြီလို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ ကစားပုံသိပ်မကောင်းခဲ့ပေမယ့် ရရှိလာတဲ့ အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲရခဲ့ပါတယ်။
ပွဲအပြီးမှာ အာတီတာက "ကျွန်တော်တို့ ဆုဖလားလိုချင်ပေမယ့် ဒီလိုခြေစွမ်းမျိုး ၁၀လကြာ ပြသနိုင်ရပါမယ်။ အဲ့ဒီမှာ တောင်းဆိုမှုတွေက အရမ်းများပါတယ်။
၁၂-၁၃ပတ်အတွင်း ၃ရက်တစ်ပွဲကစားရတာမျိုးက ကျွန်တော်တို့ တောင်းဆိုခံထားရတဲ့အရာပါပဲ။ အဲ့ဒါက လုံးဝရူးသွပ်ချင်စရာပါပဲ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားနေပါတယ်။
ကံမကောင်းစွာပဲ ဒီနေ့ညမှာ ကျွန်တော်တို့ ကစားသမားအချို့ကို ဆုံးရှုံးလိုက်ရပါတယ်။ ဒါမျိုးက အားလုံးဖြစ်နေတာမို့လို့ ကျွန်တော်တို့ ကြိုးစားရပါမယ်။
ကျွန်တော်တို့ ရာသီဝက်တောင်မရောက်သေးတာကြောင့် ကျိန်းသေပေါက် ကြိုးစားရပါဦးမယ်။ ကျွန်တော်တို့က ဆုဖလားလမ်းကြောင်းပေါ် ပြန်ရောက်လာပါပြီ။"လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ သောကြာညမှာ ဘောက်ဆင်ဒေးပွဲစဉ်အဖြစ် အစ်ဆွစ်နဲ့ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။