
ပီအက်စ်ဂျီနဲ့ ဒုတိယအကျော့ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ဆိုလာတဲ့ မီရီနို
ဗုဒ္ဓဟူးနေ့နံနက်ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပီအက်စ်ဂျီကို ၀-၁ နဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ကွင်းလယ်လူ မီခေးလ်မီရီနိုက ဒုတိယအကျော့ကစားရန် ပဲရစ်မြို့သို့သွားဖို့ မစောင့်နိုင်တော့ကြောင်း ပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ နောက်ဆုံးဥရောပပွဲစဉ် ၁၂ ပွဲအတွင်း ပထမအဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအတွက်အနိုင်ဂိုးကို ပွဲအစ ၄ မိနစ်မှာပဲ ဒမ်ဘီလီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း မီရီနိုက အသင်းဟာ ရှုံးပွဲကြုံတွေ့ခဲ့ပေမယ့် အပြုသဘောဆောင်တဲ့အချက်တွေ ရှိခဲ့ကြောင်းနဲ့ စိတ်ဓာတ်ကျဆင်းသွားခြင်းမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။
စပိန်လက်ရွေးစင်က "ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ မိနစ်တိုင်းက အရေးပါပြီး ပထမ ၁၅ မိနစ်အတွင်းမှာ ကျွန်တော်တို့ စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဂိုးပေးပြီးရပြီးနောက်ပိုင်းမှာ အသင်းကပိုကောင်းခဲ့တယ်လို့ထင်ပါတယ်။ ပွဲပြီးဆုံးချိန်အထိ ကျွန်တော်တို့ ပီအက်စ်ဂျီကို လွှမ်းမိုးနိုင်ခဲ့ပါတယ်"
"ကျွန်တော်တို့မှာ အင်အားပြည့်ဝပြီး အရမ်းကောင်းတဲ့အသင်းရှိပါတယ်။ ဒုတိယအကျော့မှာနိုင်မယ်ဆိုတာလည်း ယုံကြည်ချက်အပြည့်ရှိပါတယ်။ ကျွန်တော်တို့ အသင်းတိုင်းကို ဘယ်နေရာမှာမဆို အနိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြပြီးပါပြီ။ ပီအက်စ်ဂျီက ဘောလုံးကို တစ်ချိန်လုံးကိုင်ထားချင်တဲ့အသင်းမျိုးပါ။ ပြီးတော့ ပြိုင်ဘက်ရဲ့ဂိုးဧရိယာထဲမှာ ကစားတတ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်တို့က သူတို့ကို ယှဉ်ပြိုင်ကစားနိုင်တယ်ဆိုတာ သက်သေပြသနိုင်ခဲ့ပါတယ်။ သူတို့ကလည်း ဘယ်နေရာမှာမဆို ခြေစွမ်းကောင်းလွန်းလို့ ကျွန်တော်တို့အနေနဲ့ ပဲရစ်ကိုသွားဖို့ မစောင့်နိုင်တော့ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဂိုးအဖြစ်မှပယ်ဖျက်ခံခဲ့ရတဲ့ သူ့ရဲ့သွင်းဂိုးနဲ့ပတ်သက်ပြီးတော့လည်း မီရီနိုက "ဒါကိုလက်ခံဖို့ ခက်ပါတယ်။ ဒါပေမယ့် ဒီလိုပွဲစဉ်တွေမှာ အမှားဆိုတာတော့ အရမ်းရှားပါတယ်။ ဒါက ထိပ်တန်းဘောလုံးလောကပါ။ သေးငယ်တဲ့ စင်တီမီတာလေးက ကျွန်တော်တို့ရဲ့အနာဂတ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒုတိယအကျော့မှာတော့ ဒီလိုအဖြစ်မျိုး ထပ်မဖြစ်ဖို့မျှော်လင့်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။