The network connection is lost.

Banner Image

ကူကူရယ်လာရဲ့တန်ဖိုးကို လူရယ်စရာဖြစ်အောင်လုပ်ခဲ့လို့ ချဲလ်ဆီးကို ပြစ်တင်ဝေဖန်လိုက်တဲ့ မီကာရစ်ချက်

မီကာရစ်ချတ်က ယခုယူရိုပြိုင်ပွဲမှာ စပိန်အသင်းနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး အရေးပါတဲ့ ကစားသမားအဖြစ် ရပ်တည်ထားနိုင်တဲ့ မာ့ခ်ကူကူရယ်လာကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ကစားသမားရဲ့တန်ဖိုးကို လူရယ်စရာဖြစ်အောင်လုပ်ခဲ့တဲ့ ချဲလ်ဆီးအသင်းကိုတော့ ပြစ်တင်ဝေဖန်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ နောက်ခံလူကို ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ ဘရိုက်တန်ကနေ ပေါင် ၅၅ သန်းအထိ အသုံးပြုပြီးခေါ်ယူခဲ့ပါတယ်။ ကူကူရယ်လာဟာ ချဲလ်ဆီးသို့ စတင်ရောက်ရှိကတည်းက ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၄၅ ပွဲသာပါဝင်ကစားခွင့်ရထားတာဖြစ်ပါတယ်။

သို့သော်လည်း ကစားသမားဟာ ယခုနှစ်ယူရိုပြိုင်ပွဲမှာတော့ စပိန်ရဲ့အရေးအပါဆုံးကစားသမားတွေထဲမှာ ပါဝင်နေတာကြောင့် လက်ရှိကစားထားတဲ့ စပိန်ရဲ့ ယူရိုပွဲစဉ် ၆ ပွဲမှာ ၅ ပွဲအထိပွဲထွက်ကစားခွင့်ရထားပြီး အယ်လ်ဘေးနီးယားကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ် ၁ ပွဲသာ လွဲချော်ထားပါတယ်။ ဒါကြောင့် မီကာရစ်ချက်က ကူကူရယ်လာရဲ့ခြေစွမ်းဟာ ထိပ်တန်းအဆင့်မှာရှိနေကြောင်းနဲ့ ချဲလ်ဆီးက ကစားသမားရဲ့တည်ငြိမ်မှုကို ဖျက်ဆီးခဲ့တယ်လို့ ဝေဖန်လာခဲ့တာဖြစ်ပါတယ်။

မီကာရစ်ချက်က “ကူကူရယ်လာအကြောင်းက ကြီးကြီးမားမား ပြောစရာဖြစ်နေပါတယ်။ ဘရိုက်တန်မှာတုန်းက သူဟာ အသင်းရဲ့ကစားပုံမှာ စနစ်တကျပါဝင်ထားပြီး ဗဟိုခံစစ် ၃ ယောက်တန်းနေရာမှာ ကစားနိုင်သလို၊ ဘယ်နောက်ခံနေရာမှာနေပြီး တိုက်စစ်ကို လိုက်ပါကစားနိုင်တဲ့ ကစားသမားပါ။ သူက ကတယ့်ကိုကစားသမားကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် စုဖွဲ့မှုကောင်းကောင်းမရှိသေးတဲ့ ချဲလ်ဆီးကိုရောက်တော့ သူ့ရဲ့ပြောင်းရွှေ့ကြေးက လူရယ်စရာဖြစ်လာပါတယ်။ ဒါပေမယ့် လက်ရှိယူရိုပြိုင်ပွဲမှာ ကူကူရယ်လာက အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်ကာကလည်း ရစ်ချတ်ရဲ့စကားကို ထောက်ခံတဲ့အနေနဲ့ “ကလပ်တစ်ခု ဝရုန်းသုန်းကားဖြစ်နေတဲ့အချိန်မှာ ကစားသမားတွေလည်း ဒုက္ခရောက်တတ်တယ်ဆိုတာ ပြနေတာပါပဲ။ ယူရိုပြိုင်ပွဲမှာတော့ သူကအတော်လေးကောင်းတဲ့ ကစားသမားတစ်ယောက်ပါ” လို့ပြောကြားခဲ့ပါတယ်။

ယူရိုမှာ အကောင်းဆုံးခြေစွမ်းတွေပြသထားနိုင်ပေမယ့် ကူကူရယ်လာဟာ ဝေဖန်မှုတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ ဂျာမနီကို အနိုင်ရခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကူကူရယ်လာဟာ ပင်နယ်တီဧရိယာအတွင်း ဘောလုံးကို လက်နဲ့ထိခဲ့သော်လည်း ကွင်းလယ်ဒိုင် အန်တိုနီတေလာက ပင်နယ်တီမပေးခဲ့တာကြောင့် ဂျာမနီပရိသတ်တွေဟာ ကစားသမားကို ဒေါသထွက်ခဲ့ကြပါတယ်။ ဒါကြောင့် ပြင်သစ်ကို အနိုင်ရခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဂျာမနီပရိသတ်တွေက ကူကူရယ်လာကို ဘောလုံးထိချက်တိုင်းမှာ အော်ဟစ်လှောင်ပြောင်ခဲ့ကြပါတယ်။

ဒါကြောင့် ကူကူရယ်လာရဲ့ စပိန်အသင်းဖော် ဒါနီဗီဗီရန်က ကာကွယ်ပြောဆိုတဲ့အနေနဲ့ “ပရိသတ်တွေအနေနဲ့ ဒီလိုလုပ်တာ ရှက်စရာပါ။  ဘယ်ကစားသမားမှ ဒီလိုအလှောင်မခံသင့်ပါဘူး။ တစ်ယောက်ယောက်ကို လှောင်ပြောင်ဖို့ ကွင်းထဲကိုဝင်လာတာဆိုရင်တော့ ဒါဟာ ကစားသမားအပေါ် လေးစားမှုမရှိတာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

စပိန်နည်းပြ လူးဝစ်ဒီလာဖူရန်တီကလည်း “ကူကူရယ်လာကို ဘာလို့လှောင်ပြောင်နေကြတာလဲဆိုတာ ကျွန်တော်မသိပေမယ့် အဲဒါက သူ့အတွက်တွန်းအားဖြစ်စေပါတယ်။ ဒီလိုလှောင်ပြောင်မှုကို လုပ်ခဲ့ကြတဲ့လူတွေကလည်း ဂျာမနီလူ့အဖွဲ့အစည်းကို ကိုယ်စားမပြုဘူးလို့ထင်ပါတယ်” လို့ပြောပါတယ်။

ကူကူရယ်လာကတော့ “ဒီလိုဖြစ်နေတာတွေအပေါ် ကျွန်တော်ကတော့ အပြစ်တင်စကားတွေမပြောချင်ပါဘူး။ ဒီကနေ ဘာတွေရဖို့များ သူတို့တွေကြိုးစားနေတာလဲ ကျွန်တော်မသိပါဘူး။ ဖြစ်ပြီးတာက ဖြစ်ပြီးပြီပဲ။ အခုအချိန်မှာ ကျွန်တော့်အတွက် အရေးအကြီးဆုံးက ဗိုလ်လုပွဲပဲရှိပါတယ်” လို့တုံ့ပြန်ခဲ့ပါတယ်။