အီကွေဒေါနဲ့ပွဲစဉ်မှာ ပါဝင်ဖို့ မသေချာသေးတဲ့ မက်ဆီ
အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ ကြံ့ခိုင်မှုမပြည့်ဝသေးတာကြောင့် သောကြာနေ့ အီကွေဒေါနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုအမေရိကဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာပါဝင်ဖို့ မသေချာတဲ့အခြေအနေမှာ ရှိနေတယ်လို့ အသင်းနည်းပြ လီယွန်နယ်စကာလိုနီက အသိပေးလာခဲ့ပါတယ်။ အင်တာမီယာမီ စူပါစတားဟာ ချီလီကိုအနိုင်ရခဲ့တဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ညာဘက်တံကောက်ကြောဒဏ်ရာ ရခဲ့တာဖြစ်ပြီး အနားယူဖို့လိုအပ်ခဲ့တာကြောင့် ပီရူးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကိုပါ လွဲချော်ခဲ့ပါတယ်။
အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ပြီး သတင်းစာရှင်းလင်းပွဲမှာ စကာလိုနီက “ကျွန်တော်တို့ မက်ဆီရဲ့ အခြေအနေနဲ့ပတ်သက်ပြီး နောက်ပွဲမှာ ကစားခိုင်းဖို့ရှိမရှိကို နာရီအနည်းငယ်အတွင်းမှာပဲ ဆုံးဖြတ်ချက်ချသွားမှာပါ။ နောက်ရက်မှာတော့ ပိုကောင်းလာမယ်ထင်ပါတယ်။ လက်ရှိလေ့ကျင့်ရေး ရလဒ်တွေအပေါ်မူတည်ပြီး သူ့ရဲ့အခြေအနေကို ဆုံးဖြတ်သွားမှာပါ” “ကျွန်တော်တို့အနေနဲ့ သူ့ကိုထည့်သွင်းနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး မကစားနိုင်ဘူးဆိုရင်တော့ အခြားတစ်ယောက်ကို အသုံးပြုသွားမှာပါ။ ကျွန်တော်ဒီနေ့ သူနဲ့စကားပြောသွားမှာပါ။ သူကလည်း အချိန်ရလောက်တော့ လေ့ကျင့်ရေးတွေလုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိချန်ပီယံလည်းဖြစ်တဲ့ အာဂျင်တီးနားဟာ ၂၀၂၄ ကိုပါအမေရိကမှာတော့ စံချိန်တင် ၁၆ ကြိမ်မြောက်ချန်ပီယံဖြစ်ဖို့ ကြိုးစားအားထုတ်သွားရမှာဖြစ်ပါတယ်။ ယခုအခါမှာတော့ အာဂျင်တီးနားဟာ အုပ်စုအဆင့်မှာ မက္ကဆီကိုကို ၀-၀ နဲ့သရေကျအောင်ကစားနိုင်ခဲ့ပြီး အုပ်စုဒုတိယနေရာနဲ့ တက်လာတဲ့ အီကွေဒေါနဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
ဆက်လက်ပြီး စကာလိုနီက “အီကွေဒေါက နည်းပြကောင်း၊ ကစားသမားကောင်းတွေနဲ့ အဘက်ဘက်ကနေ ပြည့်စုံတဲ့အသင်းတစ်သင်းပါ။ လက်ရှိကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းတွေထဲမှာ သူတို့လည်းပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းနဲ့ ရင်ဆိုင်သွားရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
နောက်ဆုံးအနေနဲ့ အာဂျင်တီးနားသားက ကိုပါအမေရိကပြိုင်ပွဲဟာ ထိပ်တန်းအဆင့် ပြိုင်ပွဲတစ်ခုဖြစ်ပြီး အသင်းတွေကလည်း ခြေရည်တူတာကြောင့် ဆုဖလားကို ဘယ်အသင်းမဆိုဆွတ်ခူးသွားနိုင်ကြောင်းပြောကြားခဲ့ပါတယ်။
စကာလိုနီက “ဒီပြိုင်ပွဲမှာ ဘယ်အသင်းမဆို ဗိုလ်လုပွဲကို တက်ရောက်ပြီး ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ပါတယ်။ မနေ့က ကိုလံဘီယာနဲ့ ဘရာဇီးတို့ ကစားခဲ့တဲ့ပွဲဆို အရမ်းအဆင့်အတန်းမြင့်ပါတယ်။ ဥရုဂွေးကလည်း ပုံမှန်အတိုင်းပဲ ခြေစွမ်းကောင်းကို ထိန်းသိမ်းထားနိုင်ဆဲပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။