The network connection is lost.

Banner Image

ဆက်ဆခိုကိုခေါ်ယူဖို့ လိုက်ပ်ဇစ်ထံ ပေါင် ၇၄ သန်းနဲ့ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူဖို့ ပေါင် ၇၄ သန်းနဲ့ ကမ်းလှမ်းမှုစတင်ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်ဘက်က တစ်စုံတစ်ရာတုံ့ပြန်ခြင်းမရှိသေးပေမယ့် ဆက်ဆခိုအနေနဲ့ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့ အလားအလာများနေပါတယ်။ 

မကြာသေးမီက ယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်ကလည်း ဆက်ဆခိုကိုခေါ်ယူဖို့ ပေါင် ၆၉ သန်းနဲ့ကမ်းလှမ်းခဲ့သေးပေမယ့် လိုက်ပ်ဇစ်ဘက်က ပယ်ချထားခဲ့ပါတယ်။ ယခုအခါမှာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုက နယူးကာဆယ်ထက် ပိုမိုများပြားနေတာကြောင့် လိုက်ပ်ဇစ်အနေနဲ့ သဘောတူညီသွားမလား စောင့်ကြည့်ရပါမယ်။ သတင်းတွေအရ ယူနိုက်တက်ဟာ ဆက်ဆခိုကိုခေါ်ယူနိုင်ခဲ့ပါက လက်ရှိအသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို ပြန်လည်ရောင်းချနိုင်ဖို့ ပြင်ဆင်ထားတယ်လို့သိရပါတယ်။ အရပ် ၆ ပေ ၅ လက်မအထိအမြင့်ရှိတဲ့ ဆက်ဆခိုဟာ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ  ၈၇ ပွဲကစားခဲ့ပြီး ၃၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ရဲ့တွဲဖက်ပိုင်ရှင် ဆာဂျင်မ်ရက်ကလစ်ဖ်က အသင်းအနေနဲ့ ခရစ္စမတ်ကာလအထိ တန်ကြေးမြင့်တဲ့ခေါ်ယူမှုတွေ ထပ်မံပြုလုပ်မှာမဟုတ်ကြောင်းပြောကြားထားပေမယ့် ယခုအခါမှာ ဆက်ဆခိုကိုခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာဖြစ်ပါတယ်။ ယခုနွေရာသီအတွင်းယူနိုက်တက်ဟာ ပေါင်သန်း ၁၃၀ ကျော်အထိသုံးစွဲပြီး ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ညာနဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့် ဘရိုင်ယန်အမ်ဘွေမိုတို့ကို ခေါ်ယူအားဖြည့်ထားခဲ့ပြီးလည်းဖြစ်ပါတယ်။ 

သို့သော်လည်း တစ်ဖက်မှာယူနိုက်တက်ဟာ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းကျော်အထိပေးချေနေရတဲ့ ရက်ရှ်ဖို့ဒ်ကို ဘာစီလိုနာသို့ အငှားနဲ့စေလွှတ်နိုင်ခဲ့သလို၊ ချဲလ်ဆီးထံမှ ဆန်ချိုအတွက် လျော်ကြေးငွေပေါင် ၅ သန်းကိုလည်း လက်ခံရရှိထားပါတယ်။ ဒါ့အပြင် အန်သိုနီအီလန်ဂါ၊ အယ်လ်ဗာရိုကာရီရက်စ်နဲ့ မက်ဇီအိုရီဒဲလ်တို့ကိုရောင်းချထားတဲ့ အသင်းတွေမှလည်း ယခင်ကပြုလုပ်ခဲ့တဲ့သဘောတူညီချက်တွေအရ စုစုပေါင်း ပေါင် ၁၅ သန်းအထိ ရရှိထားခဲ့တာကြောင့် အခုလို ဆက်ဆခိုကိုခေါ်ယူနိုင်ဖို့ ဘဏ္ဍာငွေရရှိလာခဲ့တာဖြစ်ပါတယ်။