The network connection is lost.

Banner Image

ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာပြဿနာသစ်ခြောက်လှန့်မှုအကြောင်း ဖွင့်ဟလာတဲ့ အန်းစလော့

အန်းစလော့က ဂျိုးဂိုးမက်ဇ်ရဲ့ဒဏ်ရာပြဿနာအသစ်ခြောက်လှန့်မှုအကြောင်း ဖွင့်ဟခဲ့သလို မာဆေးဆိုဒ်ဒါဘီမတိုင်ခင် လီဗာပူးကြယ်ပွင့်ရဲ့နောက်ဆုံးအခြေအနေကိုလည်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ ဂျိုးဂိုးမက်ဇ်ဟာ ပလိုင်းမောက်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာတော့ ဒီဇင်ဘာ ၂၉ ရက်နောက်ပိုင်း ကလပ်အသင်းအတွက် ပထမဆုံးအကြိမ်ပွထွက်လာခဲ့ပါတယ်။ အခုပွဲစဉ်မှာ သူက အသင်းကပ္ပတိန်လက်ပတ်ကို ဝတ်ဆင်ခွင့်ရရှိခဲ့ပေမယ့် ကွင်းတွင်း ၁၁ မိနစ်သာ ကစားနိုင်ခဲ့ပြီး အကယ်ဒမီထွက်ကစားသမား မာဘာယာနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ဂိုးမက်ဇ်ထွက်ခွာရမှုနဲ့အတူ ကြိုးကြာနီတွေက ပြိုင်ဘက်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲနဲ့လမ်းခွဲခဲ့ရလို့ အတော်လေးထိခိုက်နစ်နာခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဂျိုးဂိုးမက်ဇ်ရဲ့အခြေအနေနဲ့ပတ်သက်လို့ အန်းစလော့က “ကျွန်တော်လည်း သေချာမသိရသေးပါဘူး။ အရင်ဒဏ်ရာရခဲ့တဲ့ခြေထောက်မှာပဲ ပြန်ဖြစ်လာသလားဆိုတာ ကျွန်တော်လည်း သေချာမသိရသေးပါဘူး။ သူ့ကိုလည်း မမေးခဲ့ရပါဘူး။ ရှင်းပါတယ်၊ ဂျိုးဂိုးမက်ဇ်က နောက်ပြန်ပြေးခြင်းအမှုကိစ္စကို လုံးဝမလုပ်နိုင်ခဲ့လို့ သူ ဘယ်အချိန်မှာကတည်းက စိုးရိမ်ထိတ်လန့်နေမလဲဆိုတာကို ကျွန်တော်တို့အားလုံးသိကြလိမ့်မယ်လို့ ထင်ပါတယ်။

ပြီးတော့ သူက ကျွန်တော့်ဆီ ‘ရာနှုန်းပြည့်မသေချာတော့ဘူး၊ နောက်တစ်ကြိမ်ထပ်ပြေးကြည့်လို့ အမှားအယွင်းတစ်ခုဖြစ်သွားမှာကို စိုးရိမ်တယ်’လို့ ပြောပါတယ်။ ဆိုးဆိုးရွားရွားမဟုတ်ဘူးလို့ ကျွန်တော် ယူဆမိပေမယ့် သူ့အတွက်တော့ ကောင်းမွန်တဲ့ခံစားချက်ကို မဖြစ်လာစေခဲ့ပါဘူး။ ကာတစ်ဂျုံးစ် အရန်ခုံတန်းမှာရှိနေလို့ စိတ်သက်သာရာနည်းနည်းတော့ ရခဲ့ပါတယ်။ ဒါပေမယ့် ကာတစ်ဂျုံးစ်ကလည်း မနေ့၊ လေ့ကျင့်ရေးအစီအစဉ်အပြီးမှာ ကျွန်တော့်ဆီလာပြီး သူ့ရဲ့ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ မယူဆမိဘူးဆိုတဲ့အကြောင်း လာပြောသွားပါတယ်။

အခုလိုရုတ်တရက်ပြောင်းလဲသွားတဲ့အခြေအနေတွေက ပွဲမတိုင်ခင်စဉ်းစားခဲ့တာထက် ပိုပြီးတော့ လူငယ်ကစားသမားလေးတွေ ကွင်းတွင်းမှာရှိနေခဲ့ရခြင်းဆီ ဦးတည်သွားခဲ့ပါတယ်။ ဒါတောင် အခုထက်ပိုကောင်းတဲ့ရလဒ်မျိုး ရယူနိုင်ဖို့ ကွင်းတွင်းမှာ လုံလောက်တဲ့အစွမ်းအစတွေ ရှိနေတုန်းပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဒတ်ချ်လူမျိုးနည်းပြက အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းပိုင်းမှာ ကိုးနေရာတိတိ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပုံမှန်ပွဲထွက်ခွင့်ရစီနီယာကစားသမားတွေအနက် ဂျိုတာ၊ ဒီယက်ဇ်တို့သာ ပွဲထွက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဦးဆောင်သူတွေက ပွဲချိန်တလျှောက်လုံး ပြိုင်ဘက်အပေါ် လွှမ်းမိုးနိုင်စွမ်း ကင်းမဲ့ခဲ့ပြီး ချန်ပီယံရှစ်ကလပ်ရဲ့ဒုတိယပိုင်းပယ်နယ်တီသွင်းဂိုးနဲ့အတူ ဆုဖလားလမ်းကြောင်းတစ်ခုကို စွန့်ခွာခဲ့ရပါတယ်။ ကြိုးကြာနီတွေက လီဗာပူးအသင်းက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပရီမီးယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ မာဆေးဆိုဒ်ဒါဘီအဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ကစားရပါမယ်။