The network connection is lost.

Banner Image

တံကောက်ကြောဒဏ်ရာကြောင့် ပီရူးနဲ့ပွဲစဉ်ကို လွဲချော်သွားမယ့် မက်ဆီ

အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပီရူးနဲ့ယှဉ်ပြိုင်သွားရမယ့် ကိုပါအမေရိကပြိုင်ပွဲ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို လွဲချော်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာမီယာမီကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ချီလီနဲ့ပွဲမှာ ပထမပိုင်းအတွင်း ညာဘက်တံကောက်ကြော ထိခိုက်မိခဲ့တာကြောင့် ကွင်းဘေးကိုထွက်ကာ ဆေးကုသမှုခံယူခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ မက်ဆီက သူ့အနေနဲ့ အဆိုပါပွဲစဉ်မှာ ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုမရှိခဲ့ကြောင်း အတည်ပြုခဲ့ပြီး စွမ်းဆောင်ရည်ကိုလည်း ထိခိုက်စေခဲ့တယ်လို့ဆိုပါတယ်။

အသင်းနည်းပြ လီယွန်နယ်စကာလိုနီဟာ မက်ဆီကို ပီရူးနဲ့ပွဲစဉ်မှာ အသုံးပြုသွားမှာမဟုတ်ဘူးလို့ သတင်းတွေကဖော်ပြထားပါတယ်။ ကစားသမားရဲ့ဒဏ်ရာပြင်းထန်မှုအတိုင်းအတာကို သိရှိရဖို့အတွက် အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့လည်းသိရပါတယ်။

ချီလီကို ၁-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မက်ဆီက “ပွဲအစမှာကတည်းက ကျွန်တော့်ရဲ့ညာဘက်တံကောက်က အဆင်မပြေဘူးလို့ခံစားခဲ့ရပါတယ်။ အရမ်းတင်းနေပြီး လျော့သင့်သလောက်မလျော့ပါဘူး။ ဒါပေမယ့် ကျွန်တော် ပွဲပြီးတဲ့အထိ ကစားနိုင်ခဲ့ပါတယ်။ ဘာဆက်ဖြစ်မလဲ စောင့်ကြည့်ရပါဦးမယ်။ ပထမပွဲမှာတော့ ပေါင်ကြွက်သားနာကျင်ခဲ့ပြီး လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီဒဏ်ရာကတော့ မပြင်းထန်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

မက်ဆီအနေနဲ့ ဒဏ်ရာကြောင့် ခေတ္တအနားယူမှာဖြစ်သလို စကာလိုနီကလည်း ပီရူးနဲ့ပွဲစဉ်မှာ အသင်းရဲ့ကစားသမားစာရင်းကို ပြောင်းလဲမှုကြီးကြီးမားမား ပြုလုပ်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

လူငယ်ကစားသမားတွေကို ကွင်းထဲမှာအတွေ့အကြုံရစေဖို့ရည်ရွယ်ထားတဲ့ စကာလိုနီက “လက်ရှိအသင်းရဲ့ရလဒ်တွေကိုကျေနပ်ပါတယ်။ ကျွန်တော်တို့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတာပါ။ လာမယ့်ပွဲမှာတော့ လူငယ်ကစားသမားလေးတွေကို အသုံးပြုသွားမှာဖြစ်ပြီး အသင်းမှာရှိတဲ့ ကစားသမားတိုင်းက ပြိုင်ပွဲနဲ့ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ပီရူးနဲ့ပွဲမှာတော့ ဒီပြိုင်ပွဲမှာ အာဂျင်တီးနားအတွက် အခုထိကစားခွင့်မရသေးတဲ့ ကစားသမားတွေအများအပြားပါဝင်လာဖို့ရှိနေပါတယ်။ ကိုပါအမေရိကမတိုင်ခင် ဂွါတီမာလာ၊ အီကွေဒေါတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ခြေစမ်းပွဲစဉ်တွေမှာ ပါဝင်ခဲ့တဲ့ ပလာစီယိုစ်၊ ရိုဒရီဂွက်ဇ်၊ ကာဘိုနီနဲ့ ဂါနာချိုတို့ကို အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ မြင်တွေ့ရဖို့ရှိနေပါတယ်။

အထူးသဖြင့် ပီရူးနဲ့ပွဲမှာ မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား ဂါနာချိုက အဓိက ကစားသမားအဖြစ်ပါဝင်လာဖို့ရှိနေတာကြောင့် ဘယ်လောက်အထိလုပ်ပြနိုင်မလဲ စောင့်ကြည့်သွားရပါမယ်။ လက်ရှိအချိန်မှာတော့ အာဂျင်တီးနားဟာ နောက်တစ်ဆင့်ကိုတက်ရောက်ထားနိုင်ပြီဖြစ်တာကြောင့် အဓိက ကစားသမားတွေကို အနားပေးနိုင်တော့မှာဖြစ်ပါတယ်။

ချီလီကို အနိုင်ရပြီးနောက် ကွာတားဖိုင်နယ်ကို စောစောစီးစီးတက်ရောက်ထားနိုင်တဲ့ လက်ရှိချန်ပီယံဟာ ပီရူးနဲ့ပွဲမှာ ဘယ်လိုရလဒ်ပဲထွက်ပေါ်ပါစေ အုပ်စုပထမနေရာမှာပဲ ရပ်တည်သွားနိုင်ဖို့က သေချာသလောက်ဖြစ်နေပါတယ်။