The network connection is lost.

ကိုလံဘီယာရဲ့ အဆင်းရဲဆုံးဒေသကနေ ကြိုးကြာနီဖြစ်လာတော့မယ့် တောင်ပံတစ်စုံ

အပြောင်းအရွှေ့ဈေးကွက်ကတော့ ပိတ်သိမ်းခါနီးလေ အလှည့်အပြောင်းတွေ ပိုများလာလေပါပဲ။ လီဗာပူးဆိုရင် ဒီဈေးကွက်မှာ အတော်လေးငြိမ်သက်နေခဲ့ပြီးမှ အခုတော့ ပေါ်တိုတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ပေါင် ၃၇သန်းကျော်နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။ ပိန်ပိန်ပါးပါးလေးနဲ့ ကိုလံဘီယာနိုင်ငံရဲ့ အဆင်းရဲဆုံးဒေသကနေ ကြီးပြင်းလာရသူတစ်ယောက်အတွက် ဒီလောက်များပြားတဲ့ငွေပမာဏဟာ အားလုံးကို အံ့အားသင့်စေနိုင်ပါတယ်။

ဒီယက်ဇ်ဟာ ကလေးဘဝတုန်းကတော့ သူ့ရဲ့မွေးဇာတီ ဘာရန်ကက်စ်ရွာလေးကို ဖြတ်ပြီး ကျောက်မီးသွေးတွေ တင်ဆောင်လာတဲ့ မီးရထားကြီးတွေ ဖြတ်သန်းခုတ်မောင်းနေတာပဲ ထိုင်ကြည့်နေခဲ့ရပြီး အဲဒီမီးရထားတွေက ကာရီဂျွန်ဒေသကနေ ဥရောပကို တင်သွင်းဖို့အတွက် ပင်လယ်ဆိပ်ကမ်းတွေဆီ ပို့ဆောင်ပေးတာပါ။ ကလေးဘဝကတည်းက ဘောလုံးနဲ့ပတ်သက်ရင် ရူးသွပ်ခဲ့ရတဲ့ ဒီယက်ဇ်အတွက်တော့ တော့တင်ဟမ်၊ လီဗာပူး၊ ယူနိုက်တက်၊ အဲဗာတန်နဲ့ နယူးကာဆယ် အစရှိတဲ့ နာမည်တွေကို ဝိုးတိုးဝါးတားလောက်ပဲ သိခဲ့တာဖြစ်ပြီး ဥရောပကို သွားကာ အဲဒီအသင်းတွေထဲက တစ်သင်းသင်းမှာ ကစားခွင့်ရဖို့ဆိုတာက ကိုးရိုးကားယားနိုင်လွန်းတဲ့ အိပ်မက်လို့တောင် ပြောနိုင်ပါတယ်။

ဒါပေမဲ့ အဲဒီအိပ်မက်က အခုတော့ လက်တွေ့ဖြစ်လာခဲ့ပါပြီ။ ပေါ်တိုတောင်ပံကစားသမား ဒီယက်ဇ်ဟာ အခုတော့ ဥရောပရဲ့စောင့်ကြည့်အခံရဆုံးကစားသမားတစ်ဦးဖြစ်လာပြီး အင်္ဂလိပ်ကလပ်တွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။ တော့တင်ဟမ်က ဒီယက်ဇ်ကို ခေါ်ယူဖို့ အခြေအနေအကောင်းဆုံးဖြစ်ခဲ့ပေမယ့် အခုတော့ လီဗာပူးက လက်သွက်ခြေသွက်နဲ့ ကြားဝင်ပြီး အရခေါ်ယူနိုင်တော့မှာဖြစ်ပါတယ်။

သူ့ရဲ့ဖြစ်ရပ်မှန်ပုံပြင်ကလည်း တကယ့်ကိုပြောစရာတွေများလွန်းပါတယ်။ သူဟာ ဗင်နီဇွဲလားနယ်စပ်နဲ့ သိပ်မဝေးတဲ့ လာဂွဂျီရာဒေသမှာ ကြီးပြင်းလာခဲ့တဲ့ ဒီယက်ဇ်ဟာ ကမ္ဘာကြီးအကြောင်း သိမြင်ခွင့်မရတဲ့ ဒေသကနေ လူလားမြောက်ခဲ့ရတာပါ။ ဒေသခံတိုင်းရင်းသား Wayuu လူမျိုးတွေအနက် ဒီယက်ဇ်ကတော့ တခြားအများစုလိုမဟုတ်ခဲ့ပါဘူး။ အချက်အလက်တွေအရ ၂၀၀၈ ကနေ ၂၀၁၆ အတွင်း အာဟာရချို့တဲ့မှုကြောင့် Wayuu လူမျိုး ကလေးတွေ ၄၇၇၀ ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီလိုအာဟာရချို့ချို့တဲ့တဲ့နဲ့ ကြီးပြင်းလာခဲ့ရတဲ့ ဒီယက်ဇ်တစ်ယောက် အသက် ၁၇ နှစ်အရွယ် ၂၀၁၅ ခုနှစ်အတွင်း ကိုလံဘီယာဂန္ထဝင်ကစားသမားကြီး ကားလို့စ်ဗယ်လ်ဒါရာမာက ခြေစွမ်းစမ်းသပ်ဖို့ ရွေးချယ်ခံခဲ့သူတွေထဲမှာ ပါဝင်သွားတဲ့အခါ သူ့ရဲ့ကိုယ်ခန္ဓာ သေးငယ်မှုအပေါ် စိုးရိမ်ခဲ့ရပါသေးတယ်။ ၂၀၁၅ ကိုပါအမေရိကဖလားပြိုင်ပွဲဝင် ကိုလံဘီယာအသင်းရဲ့နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဂျွန်ပိုစီလိုဒီယက်ဇ်က ''ဒီယက်ဇ်က အာဟာရချို့တဲ့နေလို့ ကောင်းကောင်းခြေစွမ်းပြနိုင်ဖို့ ခက်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်မှတ်ခဲ့ပါတယ်။ သူက ပိန်ပိန်သေးသေးလေးဖြစ်ပြီး တစ်ယောက်ချင်းလုရင်လည်း ပါသွားတာများပါတယ်။ ဒါပေမဲ့ သူဟာ ရွေးချယ်ခံတဲ့ အယောက် ၄၀၀ ထဲကနေ ၂၆ ဦးလူစာရင်းမှာ ပါဝင်လာပါတယ်''လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီနှစ်က ကိုပါအမေရိကဖလားပြိုင်ပွဲကို ချီလီနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံခြားတစ်ခါမှမရောက်ဖူးတဲ့ ဒီယက်ဇ်အတွက်တော့ တခြားနိုင်ငံတစ်နိုင်ငံကို ၅ နာရီကြာ လေယာဉ်ခရီးထွက်ရမယ့်အဖြစ်က တကယ့်ကို အံ့အားသင့်ဖွယ်အတွေ့အကြုံတစ်ခုဖြစ်ခဲ့ပါတယ်။ ''ခရီးထွက်လာတော့ သူ့မျက်လုံးက တောက်ပနေပြီး အတွေ့အကြုံသစ်တွေကို အံ့အားသင့်နေပါတယ်။ ပြီးတော့ တခြားကစားသမားတွေထက် အစားအစာ ပိုစားလို့ရမလားဆိုပြီးတော့လည်း လာမေးသေးတယ်''လို့ ဂျွန်ပိုစီလိုက ပြောပါတယ်။ ကိုလံဘီယာအသင်းဟာ အဲဒီနှစ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ ပါရာဂွေးကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒီယက်ဇ်ကတော့ ပြိုင်ပွဲတစ်လျှောက် ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး အဲဒီအချိန်ကတည်းက နောက်ပြန်မလှည့်တော့တာ အခုချိန်အထိပါပဲ။

အဲဒီပြိုင်ပွဲအပြီးမှာ ကိုလံဘီယာဒုတိယတန်းကလပ် ဘာရန်ကွီလာအသင်းက သူ့ကို ခေါ်ယူလိုကပြီး ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်လောက် တိုးလာဖို့အတွက် အစားအသောက်တွေ စပယ်ရှယ်ဖန်တီးပေးခဲ့ပါတယ်။ ရော်နယ်ဒင်ဟိုကို အားကျရင်း ကြီးပြင်းလာတဲ့ ဒီယက်ဇ်ရဲ့ နှိမ့်ချတတ်မှု၊ မှော်ဆန်တဲ့ဘောလုံးထိန်းမှုနဲ့ အလှအပလေးတွေပြနိုင်မှုအပေါ် အသင်းတာဝန်ရှိသူတွေ သဘောကျခဲ့ပါတယ်။ ဘာရန်ကွီလာအသင်းနည်းပြ ဖာနယ်ဒီယက်ဇ်က ''ဒီယက်ဇ်ဟာ ဧရိယာအပြင်ဘက်ကနေ လှပတဲ့ကန်ချက်တွေနဲ့ဂိုးသွင်းနိုင်စွမ်းရှိပြီး ဘယ်ခြေညာခြေလည်း မရွေးတဲ့ကစားသမားပါ''လို့ ချီးကျူးခဲ့ပါတယ်။

သိပ်မကြာခင်မှာပဲ ဘာရန်ကွီလာမြို့မှာပဲ အခြေစိုက်တဲ့ အသင်းကြီး အက်သလက်တီကိုဂျူနီယာအသင်းက သူ့ကို ခေါ်ယူသွားပါတယ်။ ဒီယက်ဇ်လည်း ကိုလံဘီယာအဆင့်မြင့်တန်းမှာ ပုံမှန်ပါဝင်ခွင့်ရလာပြီး ၂၀၁၈ မှာ လိဂ်သွင်းဂိုး ၁၃ဂိုးအထိရှိခဲ့သလို ကိုလံဘီယာအသင်းမှာလည်း ပုံမှန်ပါဝင်ခွင့်ရလာပါတယ်။ နယူးဂျာစီမှာ ကစားခဲ့တဲ့အာဂျင်တီးနားနဲ့ပွဲမှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးပွဲအဖြစ် ပါဝင်ကစားခွင့်ရတော့ သူ့မွေးရပ်မြေမှာ ကြီးမားတဲ့ပိတ်ကားတွေထောင်ပြီး ဒီယက်ဇ်ကို အားပေးခဲ့ကြပါတယ်။

ဒီလိုနဲ့ ဥရောပကလပ်တွေလည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာပြီး ၂၀၁၈ မှာ ကာဒစ်ဖ်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ၂၀၁၉ မှာတော့ ဇင်းနစ်အသင်းကို ငြင်းဆန်ကာ ပေါ်တိုအသင်းထံ ရောက်လာပါတယ်။ သူ့အနေနဲ့ ကိုလံဘီယာသားတွေဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဖယ်လ်ကာအို၊ ဖရက်ဒီဂွါရင်နဲ့ ဂျက်ဆင်မာတီနက်ဇ်တို့ရဲ့ခြေရာအတိုင်း ပေါ်တိုကို ပြောင်းလာခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကိုလံဘီယာအသင်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ပေါ်တူဂီလူမျိုး ကားလို့စ်ကွီရော့ဇ်ကလည်း ဒီယက်ဇ်ကို ပေါ်တူဂီဂန္ထဝင်ကစားသမားကြီး လူးဝစ်ဖီဂိုလက်သစ်အဖြစ် တင်စားခဲပြီး ပေါ်တိုကို ပြောင်းလာဖို့ စည်းရုံးခဲ့ပါတယ်။

သူဟာ ပေါ်တိုကို ရောက်လာပြီးချိန်ကတည်းက အောက်ပြန်မကျတော့ဘဲ တစ်ဖြည်းဖြည်းတက်ရိပ်ပြလာပါတယ်။ များသောအားဖြင့် ဘယ်တောင်ပံမှာ ကစားလေ့ရှိတဲ့ ဒီယက်ဇ်ဟာ ၂၀၁၉-၂၀ ရာသီမှာ ပေါ်တိုအတွက် ၁၄ဂိုးသွင်းယူခဲ့ပြီး နောက်ရာသီမှာလည်း ၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့အာရုံကို ပိုမိုဆွဲဆောင်နိုင်ခဲ့တာက ၂၀၂၀ ကိုပါအမေရိကဖလားပြိုင်ပွဲနဲ့ လက်ရှိရာသီမှာ ခြေစွမ်းပြနေမှုတွေကြောင့်ပါ။ ကိုလံဘီယာအသင်းက အဲဒီပြိုင်ပွဲမှာ တတိယနေရာရခဲ့ပြီး ဒီယက်ဇ်ကလည်း လှပတဲ့သွင်းဂိုးတွေနဲ့အတူ ၄ဂိုးအထိသွင်းယူကာ မက်ဆီနဲ့အတူ ပြိုင်ပွဲရဲ့ပူးတွဲဂိုးသွင်းဘုရင်ပါဖြစ်ခဲ့ပါတယ်။

ဘရာဇီးကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ အုပ်စုပွဲမှာ သွင်းယူခဲ့တဲ့ နောက်ပြန်ကန်ချက်၊ ပီရူးကို အနိုင်ရခဲ့တဲ့ တတိယနေရာလုပွဲမှာ သွင်းယူခဲ့တဲ့ ထောင့်ကျဉ်းကန်ချက်တွေက သူ့ရဲ့နာမည်ကို ပိုမိုထင်ရှားစေခဲ့ပါတယ်။ သူဟာ ဒီရာသီချန်ပီယံလိဂ်မှာလည်း အေစီမီလန်နဲ့ကစားခဲ့တဲ့ နှစ်ကျော့စလုံး ဂိုးသွင်းနိုင်ခဲ့ပေမယ့် ပေါ်တိုကတော့ အုပ်စုအဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဒီယက်ဇ်အတွက် နောက်တစ်ဆင့်တက်ဖို့ဆိုတာ သင့်တော်တဲ့အရွယ်ဖြစ်ပြီး ပရီးမီးယားလိဂ်ပရိသတ်တွေလည်း လှပတဲ့အလိမ်အခေါက်လေးတွေ၊ အံ့ဖွယ်သွင်းဂိုးတွေနဲ့အတူ ဒီယက်ဇ်ရဲ့ကစားဟန်ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။