
The network connection is lost.

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက လာမယ့် ၂၀၂၆ ခုနှစ်မှာ မက္ကဆီကိုနဲ့ ကနေဒါတို့က အိမ်ရှင်အဖြစ်ပူးတွဲကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ လက်ရှိမှာ အင်တာမီယာမီကြယ်ပွင့်ဟာ အသက်-၃၆ နှစ်အရွယ် ရှိနေပြီဖြစ်ပြီး အဆိုပါကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပချိန်မှာတော့ အသက်-၃၉ နှစ်ရွယ်ထိ ရောက်ရှိနေမှာဖြစ်ပါတယ်။
ယမန်နေ့က အာဂျင်တီးနားမီဒီယာတစ်ခုနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မက်ဆီက "ကျွန်တော် အဲဒီကိုရောက်နိုင်ပါ့မလား မသေချာပါဘူး။ ပြိုင်ပွဲက အဝေးကြီးလိုသေးတော့ သေချာမစဉ်းစားရသေးပါဘူး"လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ၂၀၂၄ ကိုပါအမေရိကဖလား ပြိုင်ပွဲအတွက်ပဲ အဓိကအာရုံစိုက်နေကြောင်းကို "ကိုပါအမေရိကပြိုင်ပွဲပြီးရင်တော့ ကျွန်တော်ဘယ်လိုခံစားရမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကမ္ဘာ့ဖလားက ၃ နှစ်တောင်လိုပါသေးတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ဦးဆောင်ကာ ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြင်သစ်ကိုအနိုင်ရရှိခဲ့တဲ့ ဗိုလ်လုပွဲမှာလည်း အသင်းအတွက် အဓိက အခန်းကဏ္ဍမှပါဝင်ခဲ့ပြီး ကမ္ဘာ့ဖလားကို ဆွတ်ခူးရရှိစေခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးအတွင်း မက်ဆီက ကမ္ဘာ့ဖလား ဆွတ်ခူးပြီးနောက် ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ပြန်လည်ရောက်ရှိလာတဲ့အချိန်မှာ လုံလောက်တဲ့အသိအမှတ်ပြုမှု မရရှိခဲ့လို့ စိတ်ပျက်မိခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒါ့အပြင် ကလပ်အသင်းထံမှ အသိအမှတ်ပြုမှုမရရှိတဲ့ တစ်ဦးတည်းသော အာဂျင်တီးနား ကစားသမားဖြစ်ခဲ့တယ်လို့လည်း အခိုင်အမာပြောကြားခဲ့ပါတယ်။
ပီအက်စ်ဂျီမှာ ရှိနေစဉ်ကာလတွေနဲ့ပတ်သက်ပြီး မက်ဆီက "အဲဒါက ကျွန်တော်မျှော်လင့်ထားသလို မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ဘာတွေပဲဖြစ်လာဖြစ်လာ အကြောင်းရှိလို့ဖြစ်လာတာလို့ ကျွန်တော်အမြဲတမ်းပြောလေ့ရှိပါတယ်။ ပဲရစ်က ကျွန်တော့်အတွက် ကောင်းမွန်တဲ့ပတ်ဝန်းကျင်မဖြစ်ခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။
ဘော်လွန်းဒီအော် ၇ ဆုပိုင်ရှင်ဟာ လက်ရှိ MLS ကလပ် အင်တာမီယာမီအတွက် ကစားရန် ဖလော်ရီဒါသို့ မပြောင်းရွှေ့ခင်တုန်းက ပီအက်စ်ဂျီမှာ မပျော်ရွှင်ကြောင်း အကြိမ်ကြိမ်ပြောကြားခဲ့ဖူးတာဖြစ်ပါတယ်။