ကိုပါအမေရိကဗိုလ်လုပွဲမှာ ဒီမာရီယာဂိုးသွင်းနိုင်ဖို့ မျှော်လင့်နေတဲ့ မက်ဆီ
အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီက ယခုနှစ်ကိုပါအမေရိကပြိုင်ပွဲအပြီးမှာ နိုင်ငံတကာဘောလုံးကစားသမားဘဝကနေ အနားယူသွားမယ့် အသင်းဖော် အိန်ဂျယ် ဒီမာရီယာအနေနဲ့ ကိုလံဘီယာနဲ့ရင်ဆိုင်သွားရမယ့် ဗိုလ်လုပွဲမှာ ဂိုးသွင်းယူနိုင်ဖို့မျှော်လင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။
အသက်-၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီမာရီယာဟာ နိုင်ငံ့လက်ရွေးစင်ကစားသမားအဖြစ် ၁၅ နှစ်ကြာကိုယ်စားပြုပြီးနောက်မှာတော့ လက်ရွေးစင်အသင်းကနေအနားယူတော့မယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကြေညာခဲ့ပါတယ်။
ယခုအခါမှာတော့ မက်ဆီက "ဒီမာရီယာအနေနဲ့ ပြီးခဲ့တဲ့ ဗိုလ်လုပွဲတွေမှာဂိုးသွင်းယူနိုင်ခဲ့သလို ဒီပွဲမှာလည်း ဂိုးသွင်းယူနိုင်ဖို့မျှော်လင့်ပါတယ်။ ဒီပွဲကသူ့အတွက် ထူခြားတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ"
"ကျွန်တော်တို့သူ့ကို အမြဲတမ်းပြောပါတယ်။ ဒီပြိုင်ပွဲပြီးရင် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေရှိလို့ အခြေအနေကောင်းရင် အသင်းအတွက်ဆက်ကစားပေးဖို့ပါ။ ဒါပေမယ့် ဒီမာရီယာက စိတ်ဆုံးဖြတ်လိုက်ပြီဆိုရင် ဘာနဲ့မှပြောင်းလဲလို့မရနိုင်တဲ့လူစားမျိုးပါ" လို့ပြောကြားခဲ့ပါတယ်။
ဒီမာရီယာဟာ အာဂျင်တီးနားအတွက် စုစုပေါင်း ၁၄၄ ပွဲကစားခဲ့ပြီး ၃၁ ဂိုးသွင်းယူခဲ့ကာ ကိုပါအမေရိကပြိုင်ပွဲ ၆ ကြိမ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၄ ကြိမ်ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒါ့အပြင် နိုင်ဂျီးရီးယားကို ၁-၀ နဲ့အနိုင်ရခဲ့ပြီး ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမှာလည်း ဒီမာရီယာဟာ အာဂျင်တီးနားအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။