
The network connection is lost.

လက်ရှိဘောလုံးလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ပွင့်ဖြစ်တဲ့ ကီလီယန်အမ်ဘာပေဟာ လာမယ့် ၂၀၂၄ ယူရိုပြိုင်ပွဲမှာ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ဆုဖလားကို ဆွတ်ခူးပေးဖို့ ရည်မှန်းထားသလို မိမိကိုယ်တိုင်အတွက်လည်း ဘော်လွန်းဒီအော်ဆုကို အရယူဖို့စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။
ပြင်သစ်လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဂျီကနေ ရီးရဲလ်မက်ဒရစ်သို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့ပြီး သူ့ရဲ့ အပြောင်းအရွှေ့နဲ့ သက်ဆိုင်တဲ့ နွေရာသီအစီအစဉ်ကို နိဂုံးချုပ်ခဲ့ပါတယ်။ အမ်ဘာပေဟာ လာလီဂါချန်ပီယံတွေနဲ့ စာချုပ်သက်တမ်း ၅ နှစ် ချုပ်ဆိုထားပြီး လာမယ့်ရာသီမှာ အန်ဆယ်လော့တီ အသင်းအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတွေကို ကာကွယ်ပေးနိုင်ဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာမှာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ တိုက်စစ်မှူးဟာ ပြင်သစ်အသင်းနဲ့ ပူးပေါင်းထားပြီး နိုင်ငံအသင်းအတွက် ၂၀၀၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အာရုံစိုက်နေပါတယ်။ အမ်ဘာပေဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ မှာ ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒီနှစ်မှာတော့ အဆိုပါအကြွေးကို ပြန်ဆပ်ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ ဒါ့အပြင် ကစားသမားဟာ ၂၀၂၄ ဘော်လွန်းဒီအော်ဆုကိုလည်း ဆွတ်ခူးနိုင်ဖို့ သီးသန့်ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။
အမ်ဘာပေက “ဒီပြိုင်ပွဲက ကျွန်တော့်အတွက်တော့ ပထမဆုံး ပုံမှန်ယူရိုပြိုင်ပွဲပါ။ ပြီးခဲ့တဲ့ ၂၀၂၁ ယူရိုက နိုင်ငံအများအပြားမှာ ကျင်းပခဲ့တာကြောင့် ပုံမှန်မဟုတ်ဘဲ ထူးဆန်းခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲမှာတော့ ကျွန်တော်တစ်ခုခုချန်ထားခဲ့ချင်ပါတယ်။ ဘော်လွန်းဒီအော်ဆုက ကျွန်တော့်ရဲ့ပန်းတိုင်ဖြစ်နေဆဲပါပဲ။ ငယ်ငယ်ကတည်းက ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ချင်ခဲ့တာပါ။ ကျွန်တော့်အနေနဲ့ ဘောလုံးကစားရတဲ့ပျော်ရွှင်မှုကို ဘယ်တော့မှ မဆုံးရှုံးစေဘဲ ဒီထက်ပိုပြီးလည်း ဆက်လက်တိုးတက်လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။