The network connection is lost.

Banner Image

စည်းမျဉ်းချိုးဖောက်မှု ၇၄ မှုဖြင့် အက်ဖ်အေရဲ့ စွပ်စွဲခံရပြီးနောက် တုံ့ပြန်လိုက်တဲ့ ချဲလ်ဆီး

ရုရှား သူဌေးကြီး ရိုမန် အေဘရာမိုဗစ်ချ်ဟာ ၂၀၀၃ ခုနှစ်မှာ ချဲလ်ဆီးရဲ့ပိုင်ရှင်ဖြစ်လာပြီး ကလပ်အတွက် ငွေအများကြီး သုံးစွဲကာ ဥရောပရဲ့အကြီးဆုံးနဲ့ အအောင်မြင်ဆုံး ကလပ်တွေထဲက တစ်ခု ဖြစ်လာခဲ့ပါတယ်။ အေဘရာမိုဗစ်ချ် မပိုင်ဆိုင်ခင် ချဲလ်ဆီးဟာ ၁၉၅၅ ခုနှစ်မှာ အင်္ဂလန် ထိပ်တန်းလိဂ်ဖလားတစ်လုံးသာ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားသူဌေးရဲ့ ငွေသုံးစွဲမှုနဲ့ မော်ရင်ဟိုရဲ့ စီမံခန့်ခွဲမှုကြောင့် ချဲလ်ဆီးဟာ ၂၀၀၅ မှာ ပရီးမီးယားလိဂ်ကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့ပြီး နောက်တစ်နှစ်မှာလည်း ချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။ အေဘရာမိုဗစ်ချ် ပိုင်ဆိုင်မှုအောက်မှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်၊ ယူရိုပါလိဂ်ဖလား ၂ ကြိမ်နဲ့ လိဂ်ဖလား ၃ ကြိမ် ရယူနိုင်ခဲ့ပါတယ်။

သို့သော်လည်း ဒီလို ကြီးမားတဲ့ အောင်မြင်မှုကာလကို အက်ဖ်အေက စည်းမျဉ်းချိုးဖောက်မှုတွေအတွက် စစ်ဆေးခဲ့ပါတယ်။ အထူးသဖြင့် ကစားသမားတွေအတွက် အေးဂျင့်တွေနဲ့ တတိယပုဂ္ဂိုလ် နှင့် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လို့ စည်းမျဉ်းချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ကြာသပတေးနေ့မနက်ခင်းမှာ အက်ဖ်အေက ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ‘ဘောလုံးအဖွဲ့ချုပ်ဟာ ဒီနေ့ ချဲလ်ဆီးဘောလုံးကလပ်ကို အက်ဖ်အေ ဘောလုံးအေးဂျင့်များဆိုင်ရာ စည်းမျဉ်းများရဲ့ J1 နဲ့ C2၊ ကြားခံပုဂ္ဂိုလ်များနဲ့ ဆက်ဆံရေးဆိုင်ရာ စည်းမျဉ်းများရဲ့ A2 နဲ့ A3၊ ကစားသမားများအတွင်း တတိယပုဂ္ဂိုလ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းများရဲ့ A1 နဲ့ B3 စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ကြောင်း စွဲချက်တင်ထားပါတယ်။

စုစုပေါင်း စွဲချက် ၇၄ မှုကို ချဲလ်ဆီးဘောလုံးကလပ်အပေါ် ချမှတ်ထားပါတယ်။ စွဲချက်တွေဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ရပ်တွေနဲ့ သက်ဆိုင်ပြီး အဓိကအားဖြင့် ၂၀၁၀-၁၁ ကနေ ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ဖြစ်ပွားခဲ့တဲ့အရာတွေနဲ့ ပတ်သက်ပါတယ်’

ချဲလ်ဆီးကတော့ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့အထိ အကြောင်းပြန်ရမှာ ဖြစ်ပါတယ်။ အနောက်လန်ဒန်ကလပ်ဖြစ်တဲ့ ချဲလ်ဆီးဟာ ချက်ချင်း တုံ့ပြန်ခဲ့ပါတယ်။ ‘ချဲလ်ဆီးဘောလုံးကလပ်က ကိုယ်တိုင် အစီရင်ခံခဲ့တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး အက်ဖ်အေနဲ့ ဆက်သွယ်မှုတွေ အဆုံးသတ်တော့မှာ ဖြစ်တဲ့အတွက် အတည်ပြုရတာ ဝမ်းမြောက်မိပါတယ်’

‘ကလပ်ရဲ့ ပိုင်ရှင်အဖွဲ့ဟာ ၂၀၂၂ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ကလပ်ကို ဝယ်ယူမှု ပြီးစီးခဲ့ပါတယ်။ ဝယ်ယူမှုမပြီးခင် စေ့စေ့စပ်စပ် စိစစ်တဲ့လုပ်ငန်းစဉ်အတွင်း ပိုင်ရှင်အဖွဲ့ဟာ သမိုင်းဝင် အပြောင်းအလဲတွေနဲ့ပတ်သက်တဲ့ မပြည့်စုံတဲ့ ငွေကြေးအစီရင်ခံစာတွေနဲ့ အက်ဖ်အေရဲ့ အခြားစည်းမျဉ်းချိုးဖောက်မှုတွေ ဖြစ်နိုင်ကြောင်း သတိပြုမိခဲ့ပါတယ်။ ဝယ်ယူမှု ပြီးစီးပြီး ချက်ချင်းပဲ ကလပ်က ဒီအကြောင်းအရာတွေကို အက်ဖ်အေအပါအဝင် သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေအားလုံးဆီ ကိုယ်တိုင် အစီရင်ခံခဲ့ပါတယ်’

‘ဒီလုပ်ငန်းစဉ်အတွင်း ကလပ်က ဖိုင်တွေနဲ့ သမိုင်းဝင်အချက်အလက်တွေကို အားလုံး ဝင်ရောက်ခွင့်ပေးခဲ့တဲ့အတွက် မကြုံစဖူး ပွင့်လင်းမြင်သာမှုကို ပြသခဲ့ပါတယ်။ ဒီရှုပ်ထွေးတဲ့အမှုကိစ္စကို အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အက်ဖ်အေနဲ့ ပူးပေါင်းဆောင်ရွက်သွားပါမယ်။ ဒီရှုပ်ထွေးတဲ့အမှုအပေါ် ကလပ်နဲ့ ဆက်သွယ်ဆောင်ရွက်မှုအတွက် အက်ဖ်အေကို ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်လိုပါတယ်။ ဒီအမှုကိစ္စဟာ ဆယ်စုနှစ်တစ်ခုကျော်က ဖြစ်ပျက်ခဲ့တဲ့အရာတွေအပေါ် အာရုံစိုက်နေပါတယ်’ လို့ ချဲလ်ဆီးက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အေဘရာမိုဗစ်ချ်ဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားရဲ့ ယူကရိန်းကို တိုက်ခိုက်မှုအတွင်း ဗြိတိန်အစိုးရက ကရင်မလင်နန်းတော်နဲ့ နီးစပ်တဲ့အတွက် သူ့ကို ပိတ်ဆို့အရေးယူခဲ့ပြီးနောက် လက်ရှိပိုင်ရှင်တွေဖြစ်တဲ့ တော့ဒ် ဘိုဟ်လီနဲ့ Clearlake Capital တို့ဆီ ကလပ်ကို ရောင်းချခဲ့ပါတယ်။