The network connection is lost.

Banner Image

နှစ်နှစ်တာကာလအတွင်း ပေါ်တူဂီအသင်းရဲ့အဆိုးရွားဆုံးစွမ်းဆောင်ရည်လို့ သမုတ်ခဲ့တဲ့ ရော်ဘတ်တိုမာတီနက်ဇ်

ဒီနေ့မနက်ပိုင်း၊ ဒိန်းမတ်ကို ၁-၀ ဂိုးဖြင့်ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အတွင်း အသင်းရဲ့စွမ်းဆောင်ရည်ကို နှစ်နှစ်တာကာလအတွင်း အဆိုးရွားဆုံးပဲလို့ ပေါ်တူဂီနည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က သတ်မှတ်ခဲ့ပါတယ်။

Parken မှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ပေါ်တူဂီက ပြိုင်ဘက်ကိုခြိမ်းခြောက်နိုင်ဖို့ အတော်လေးရုန်းကန်ခဲ့ရပြီး ဟွိုက်စ်လန်းရဲ့နောက်ကျဂိုးနဲ့အတူ တနင်္ဂနွေနေ့၊ ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အဲရစ်ဆင်ပယ်နယ်တီလွဲချော်မှုအပါအဝင် ပြိုင်ဘက်ရဲ့ဂိုးပေါက်ကန်သွင်းမှု ၂၃ ကြိမ်ကို ပေါ်တူဂီတို့ ရင်ဆိုင်ခဲ့ရပြီး ဂိုးသမားဒီယေဂိုကော်စတာရဲ့ဂိုးပေါက်ကာကွယ်မှုကိုးကြိမ်နဲ့အတူ ဂိုးပြတ်အရေးနိမ့်မယ့်အန္တရာယ်မှ ရှောင်လွှဲနိုင်ခဲ့ပါတယ်။

နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အခုပွဲစဉ်မှာ ပေါ်တူဂီတွေက ပြိုင်ဘက်ဂိုးပေါက်ဆီ ရှစ်ကြိမ်ကန်သွင်းပြီး ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်သာရှိခဲ့ပါတယ်။ ရော်ဘတ်တိုမာတီနက်ဇ်က “ ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ကျွန်တော်တို့အသင်းရဲ့ အဆိုးဝါးဆုံးစွမ်းဆောင်ရည်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာလည်း ဒိန်းမတ်နဲ့အတူရှိနေတဲ့ စိတ်အားတက်ကြွမှုတွေ၊ ကွင်းတွင်းအားပေးမှုပုံစံတွေကို တုံ့ပြန်ဖို့အတွက် လိုအပ်မယ့်အရာတွေကို ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး။

ကျွန်တော်တို့အတွက် အခုလိုပွဲစဉ်မျိုးတွေ လိုအပ်ပါတယ်။ ငါးလလောက် အဆက်ပြတ်နေခဲ့တာပါ။ ကျွန်တော်တို့အတွက် လိုအပ်နေတဲ့ ပြင်းထန်မှုမျိုးနဲ့ ကျွန်တော်တို့တွေ ပွဲမထွက်နိုင်ခဲ့ပါဘူး။ ဒိန်းမတ်ရဲ့ဖိအားပေးကစားဟန်က အရမ်းထိရောက်ပါတယ်။ အဝေးဘောတွေ အလွယ်တကူကစားပြီး အသင်းတစ်ခုအဖြစ်တိုးတက်လာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ အခက်တွေ့နေခဲ့ပါတယ်။ ဒီယေဂိုကော်စတာကတော့ ကျွန်တော်တို့အတွက် ဒုတိယအကျော့ပွဲစဉ်ဆီ ယုံကြည်မှုအပြည့်နဲ့ ချီတက်နိုင်အောင် အခွင့်အရေးတစ်ခု ပေးခဲ့ပါတယ်”လို့ ပြောပါတယ်။