The network connection is lost.

Banner Image

အဝတ်လဲခန်းပြိုကွဲမှုနဲ့ ရင်ဆိုင်နေရတဲ့ ဘရိုက်တန်နည်းပြဟောင်းဒီဇာဘီ

ပြီးခဲ့တဲ့သီတင်းပတ်၊ ရိမ်းစ်ကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး ဒေါသူပုန်ထနေတဲ့ မာဆေးလ်နည်းပြဒီဇာဘီက သူ့ကစားသမားတွေကို လေ့ကျင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ လီဂူးဝမ်းအမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ မာဆေးလ်က တန်းဆင်းဇုန်အန္တရာယ်နဲ့ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်ရိမ်းစ်ကို အဝေးကွင်းမှာ အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့တာပါ။

ပြင်သစ်အခြေစိုက် L’Equipe သတင်းဌာနရဲ့အဆိုအရ ဒီဇာဘီက ရှုံးပွဲအပြီး နောက်တစ်ရက်(တနင်္လာနေ့)မှာ မာဆေးလ်ကစားသမားတွေကို လေ့ကျင့်ပေးဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ ဒီအတွက်ကြောင့် အသင်းဘက်မှလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်လာခဲ့ပါတယ်။ တဖက်မှာလည်း ကစားသမားတွေက ဒီဇာဘီကို နောက်ထပ်လီဂူးဝမ်းပွဲစဉ်တစ်ခုမှာ ထပ်မမြင်ချင်တော့ဘူးလို့ မာဆေးလ်အားကစားဒါရိုက်တာ ဘီနာတီယာဆီ တောင်းဆိုခဲ့ပြီးနောက် အားကစားဒါရိုက်တာကိုယ်တိုင် ဒီပဋိပက္ခအရှုပ်အထွေးမှာ ကြားဝင်ပေးဖို့ လိုအပ်ခဲ့ပါတယ်။

မာဆေးလ်က တနင်္ဂနွေညပိုင်းမှာ တူးလော့စ်ကို လီဂူးဝမ်းပွဲစဉ်အဖြစ် ဧည့်ခံကစားရပါမယ်။ လတ်တလောမှာ ဒီဇာဘီကို အေစီမီလန်နည်းပြရာထူးနဲ့ချိတ်ဆက်ပြီး ဖော်ပြနေကြပါတယ်။ သူက လွန်ခဲ့တဲ့နွေရာသီကာလအတွင်း မာဆေးလ်နည်းပြတာဝန်ယူခဲ့ပြီး အခုအချိန်အထိ ၂၉ ပွဲကိုင်တွယ်ရာမှာ ၁၆ ပွဲနိုင်၊ ငါးပွဲသရေ၊ ရှစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ မာဆေးလ်က ဇန်နဝါရီလအတွင်း လိုင်လီကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အရေးနိမ့်ကာ Coupe de France ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပါတယ်။

လက်ရှိမာဆေးလ်အသင်းလူစာရင်းပိုင်းမှာ ဂရင်းဝုဒ်၊ မူပေးနဲ့ ရာဘီယော့တိုလို ပုံရိပ်မြင့်မားတဲ့ကစားသမားတွေ ပါဝင်နေပါတယ်။ ဒီဇာဘီက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှာ ဘရိုက်တန်နည်းပြအဖြစ် စတင်တာဝန်ယူခဲ့ကာ ပြီးခဲ့တဲ့ဘောလုံးရာသီမတိုင်ခင်အထိ ပရီးမီးယားလိဂ်ကလပ်ကို ဦးဆောင်ပေးခဲ့ပါတယ်။