မေဆင်ကို မကြိုဆိုတဲ့ ကမ်းပိန့်ပြုလုပ်ခဲ့တဲ့ မာဆေးလ်အသင်းပရိသတ်များ
မာဆေးလ်အသင်းဟာ ယူနိုက်တက်စတား မေဆင်ကို ခေါ်ယူနိုင်ဖို့ လုပ်ဆောင်နေပေမယ့် မာဆေးလ်အသင်း ပရိသတ်တွေကတော့ မကြိုဆိုတဲ့ကမ်းပိန့်ကို ပြုလုပ်ခဲ့ကြပါတယ်။
အသက် ၂၂ နှစ်သားဟာ ဂီတာဖေးအသင်းမှာ အငှားနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပြီးနောက် အသင်းတော်တော်များများက စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်၊ လာဇီယို၊ ဗလန်စီယာနဲ့ ဒေါ့မွန်တို့က အင်္ဂလန်သားကို စိတ်ဝင်စားနေပါတယ်။ မာဆေးလ်ကတော့ ယူနိုက်တက်စတားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ယူနိုက်တက်ဘက်ကတော့ ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်ပါရှိတယ်ဆိုရင် မေဆင်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့်လည်း မာဆေးလ်ပရိသတ်တွေကတော့ မေဆင်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး မနှစ်မြို့ဖြစ်နေကြကာ မကြိုဆိုတဲ့ကမ်းပိန့်ကို လူမှုမီဒီယာပေါ်ကနေ လုပ်ဆောင်နေပါတယ်။
“မေဆင်ရောက်လာမှုအတွက် ဘယ်လိုညှိနှိုင်းမှုမဆို ကျွန်တော်တို့ ကြိုဆိုမှာ မဟုတ်ပါဘူး။ အဲ့တာကို ရှင်းပြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီအပြောင်းအရွှေ့က ဖြစ်လာခဲ့မယ်ဆိုရင်လည်း အသင်းနဲ့ ပရိသတ်တွေကြားမှာ ပွတ်တိုက်မှုတွေဖြစ်လာနိုင်ပါတယ်”လို့ မာဆေးလ်ဖိုရမ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မာဆေးလ်ဘုတ်အဖွဲ့ဝင်တွေကတော့ ဒီဇာဘီကို ခေါ်ယူထားခဲ့ပြီး နည်းပြသစ်က မေဆင်ကို အလိုရှိကြောင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်စတားကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေပြီး မာဆေးလ်အသင်းကို ပြောင်းရွှေ့ဖြစ်မလားဆိုတာ စောင့်ကြည့်ရဖွယ်ရှိနေပါတယ်။