ချဲလ်ဆီးရဲ့ညာတောင်ပံကို အပြည့်အဝတာဝန်ယူနိုင်ကြောင်း ပြောကြားလာတဲ့ မာဒူကီ
ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီကို ဘိုင်ယန်မြူးနစ်သို့ ဆုံးရှုံးလိုက်ရပြီးနောက် တောင်ပံကစားသမား နိုနီမာဒူကီက သူဟာ ချဲလ်ဆီးရဲ့ညာတောင်ပံအတွက် အဖြေဖြစ်နိုင်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။
နည်းပြသစ် အန်ဇိုမာရက်စ်ကာလက်ထက် ပထဆုံးခြေစမ်းပွဲစဉ်မှာ ချဲလ်ဆီးဟာ နိုင်ပွဲမရခဲ့ဘဲ ဝရက်ဇ်ဟမ်းကို ၂-၂ နဲ့သရေကျခဲ့ပြီးနောက် မာဒူကီက အခုလိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာ ချဲလ်ဆီးဟာ နောက်ကနေလိုက်ကစားခဲ့ရပြီး နောက်ကျချေပဂိုးကြောင့်သာ ရှုံးပွဲမကြုံတွေ့ခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာလက်အောက်မှာ ကိုးလ်ပယ်မာက ကွင်းလယ်နေရာသို့ ပြောင်းလဲကစားနိုင်ချေရှိတာကြောင့် မာဒူကီက ညာတောင်ပံနေရာကို ကိုင်တွယ်နိုင်ကြောင်း အသိပေးလာခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ချဲလ်ဆီးရဲ့ ညာတောင်ပံနေရာမှာ ခရစ္စတိုဖာ အန်အွန်ကူ၊ အန်ဂျလိုဂါဘရီရယ်အပြင် လာမယ့်ရာသီမှာ ပြောင်းရွှေ့လာမယ့် ပါရမီရှင်ဘရာဇီးသားလေး ဝီလီယံရှိနေတာကြောင့် နေရာလုတိုက်ပွဲက အတော်လေးပြင်းထန်လာဖွယ်ရှိပါတယ်။
ဝရက်ဇ်ဟမ်းကို သရေကျပြီးနောက် မာဒူကီက “ကျွန်တော့်အစွမ်းအစကို ကျွန်တော်ယုံကြည်ပါတယ်။ ချဲလ်ဆီးက ကစားသမားကောင်းတွေပြည့်နေတဲ့ အသင်းတစ်သင်းပါ။ ကစားသမားအများစုက နေရာစုံမှာကစားနိုင်ကြပါတယ်။ ဒီလိုအသင်းမျိုးနဲ့ အတူတူရှိရတာ အရမ်းကောင်းပြီး ကျွန်တော်ကလည်း အကောင်းဆုံးကြိုးစားသွားမှာဖြစ်လို့ ဘာဖြစ်လာမလဲစောင့်ကြည့်ကြတာပေါ့” “ဒီမှာက နေရာလုပြိုင်ပွဲရှိပါတယ်။ ကလပ်အသင်းကြီးတိုင်းမှာ နေရာလုပွဲက အမြဲတမ်း ရှိနေတာပါ။ ဒါကြောင့် အခုအသင်းမှာဖြစ်နေတာကလည်း ထူးထူးခြားခြားမဟုတ်ပါဘူး။ ကျွန်တော်တို့က မန်နေဂျာအသစ်၊ နည်းဗျူဟာအသစ်နဲ့ ရှေ့ဆက်နေပေမယ့် လက်ရှိမြင်ရသလောက်တော့ အလားအလာကောင်းတယ်လို့ထင်ပါတယ်။ မတူညီတဲ့ကစားဟန်တစ်ခုနဲ့ ကစားနေရပေမယ့် ဒါက ကျွန်တော်တို့အတွက် သင့်တော်တယ်လို့ ခံစားရပါတယ်” “အခုကျွန်တော်က တိုက်စစ်ပိုင်းမှာ ပိုကစားရပြီး ထိရောက်မှုရှိတဲ့ ပေးပို့မှုတွေကို စောင့်နေရပါတယ်။ ဒါက ကျွန်တော့်ရဲ့အလုပ်ကိုပြီးအောင်လုပ်ဖို့ အတော်လေး စိတ်ရှည်ရတဲ့ကစားဟန်မျိုးပါ။ ဒါပေမယ့် ဒီကစားဟန်က မန်နေဂျာချမှတ်ထားတဲ့ စည်းကမ်းဖြစ်ပြီး သူလိုချင်တဲ့ပုံစံအတိုင်းဘာမဆို ကျွန်တော်တို့က လိုက်လုပ်သွားရမှာပါ။ ဒါက ရိုးရှင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
အသင်းရဲ့ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်ဟာ ကိုပါအမေရိကဖလားကို ဆွတ်ခူးခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းနဲ့ပတ်သက်ပြီး လူမျိုးရေးခွဲခြားတဲ့သီချင်းကို သီဆိုခဲ့တာကြောင့် ဝေဖန်မှုခံခဲ့ရပေမယ့် လာမယ့် တနင်္လာနေ့မှာပဲ အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမှာဖြစ်ပါတယ်။
ပေါင် ၁၀၆ သန်းတန်ကွင်းလယ်လူနဲ့ ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ မာဒူကီက “ဒါက ကစားသမားတွေကြားမှာ ဖြစ်တတ်တဲ့ ပြဿနာမျိုးပါပဲ။ အန်ဇိုက အသင်းကိုပြန်လာ အသင်းဖော်တွေနဲ့ပြန်လည်တွဲဖက်သွားပြီး အရာအားလုံးအဆင်ပြေသွားပါလိမ့်မယ်”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။