
ယူနိုက်တက်ကစိတ်ဝင်စားနေတဲ့ ဘာလီဘာကို ယူရိုသန်း ၁၂၀ အထိ တန်ကြေးသတ်မှတ်ထားတဲ့ ဘရိုက်တန်
ဘရိုက်တန်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့က ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကားလို့စ်ဘာလီဘာကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၂၀ အထိ တန်ကြေးသတ်မှတ်ထားတယ်လို့ သိရပါတယ်။
အသက်-၂၁ နှစ်အရွယ်ကစားသမားကို မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက ကာလရှည်စောင့်ကြည့်နေခဲ့သလို၊ ယခုအခါမှာ ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ လက်ရှိအချိန်ထိတော့ ယူနိုက်တက်ဟာ ဘာလီဘာကိုခေါ်ယူဖို့ ဘရိုက်တန်ထံ ဆက်သွယ်မှုမပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
ယခုရက်ပိုင်းအတွင်းမှာပဲ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျင်မင်ဆက်စ်ကိုကို ယူရို ၈၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရရှိထားတဲ့ ယူနိုက်တက်အနေနဲ့ ဘာလီဘာကိုခေါ်ယူနိုင်ဖို့ဆိုပါက ဘဏ္ဍာရေးအခြေအနေအရ အခက်အခဲရှိနိုင်ပါတယ်။သို့သော်လည်း တစ်ဖက်မှာ ယူနိုက်တက်ဟာ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကိုရောင်းချနိုင်ဖို့ နီးစပ်နေတာကြောင့် ကင်မရွန်းသားကိုခေါ်ယူဖို့ ဘဏ္ဍာငွေပြန်လည်ရရှိနိုင်ပါတယ်။
ဘာလီဘာဟာ လက်ရှိဘရိုက်တန်အသင်းအတွင်း အလွန်အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာဆက်လက်နေထိုင်ဖို့ ဆန္ဒရှိပေမယ့် ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကိုရရှိပါက လက်ခံသွားဖို့လည်း အလားအလာရှိနေပါတယ်။ ပြီးခဲ့တဲ့ရာသီက ကင်မရွန်းသားဟာ ဘရိုက်တန်အတွက် ပရီးမီးယားလိဂ် ၃၄ ပွဲအထိပါဝင်ကစားခဲ့ပြီး ၃ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ ဘာလီဘာကို ၂၀၂၃ ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် လိုင်လီမှ ယူရိုသန်း ၃၀ နဲ့ခေါ်ယူထားခဲ့တာဖြစ်ပြီး ကစားသမားကို ပြန်လည်ရောင်းချပါက လိုင်လီနဲ့ချုပ်ဆိုထားတဲ့ အရောင်းအဝယ်သဘောတူညီမှုစာချုပ်အရ ကစားသမားရဲ့ပြောင်းရွှေ့ကြေးမှ ၂၀ ရာခိုင်နှုန်းကို လိုင်လီထံ ပေးချေသွားရမှာဖြစ်ပါတယ်။
အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေကို ရောင်းချပြီး ဘဏ္ဍာငွေရှာဖွေနေတဲ့ ဘရိုက်တန်အတွက် ဘာလီဘာရဲ့ အပြောင်းအရွှေ့ဟာ မကြာခင်မှာပဲ ပေါ်ပေါက်လာနိုင်တယ်လို့ သတင်းတွေကဆိုပါတယ်။ မကြာသေးမီ ရာသီများအတွင်း ဘရိုက်တန်ဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကိုင်စီဒို၊ ကူကူရယ်လာနဲ့ ပက်ဒရိုတို့ကို ချဲလ်ဆီးထံသို့ရောင်းချကာ အမြတ်ငွေအများအပြား ရရှိခဲ့သလို၊ ဘန်ဝှိုက်၊ ဘစ်ဆူးမားနဲ့ မက်အလစ္စတာတို့ကိုလည်း အာဆင်နယ်၊ တော့တင်ဟမ်နဲ့ လီဗာပူးတို့ထံမြင့်မားတဲ့တန်ကြေးတွေနဲ့ ရောင်းချထားနိုင်ခဲ့တာဖြစ်ပါတယ်။
အသင်းရဲ့အကယ်ဒမီထွက်ကစားသမား ဂါနာချိုကို ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးထံသို့ရောင်းချပြီး အသားတင်ဘဏ္ဍာငွေရရှိသွားမယ့် ယူနိုက်တက်အနေနဲ့ ဘာလီဘာကို ယခုနွေရာသီအတွင်းမှာပဲ ခေါ်ယူသွားနိုင်မလား အပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်အချိန်အထိ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။