
ယူနိုက်တက်နဲ့ပွဲမှာ ပယ်လ်မာ ၁၀၀% ကြံ့ခိုင်မှုမရှိခဲ့ကြောင်း မာရက်စ်ကာဖွင့်ဟလာ
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက မန်ချက်စတာယူနိုက်တက်အသင်းကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကိုးလ်ပယ်မာဟာ ၁၀၀% ကြံ့ခိုင်မှုမရှိခဲ့ဘူးလို့ပြောကြားခဲ့ပြီး အိုးလ်ထရဖို့ဒ်မှာ ရအောင်ကစားဖို့ကြိုးစားခဲ့တဲ့ "စွမ်းဆောင်ရည်" ကို ချီးကျူးခဲ့ပါတယ်။
ပယ်လ်မာက ပွဲစကစားပြီး မိနစ် ၂၀ အကြာမှာ ကွင်းထဲကနေထွက်ခွာခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ ရောဘတ်ဆန်ချက်ဇ် အနီကတ်ပြခံရပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့အဖွင့်ဂိုးကြောင့် ရှုံးနိမ့်နေချိန် ဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားက လူစားလဲပြီးတာနဲ့ ချက်ချင်းဥမင်လိုဏ်ခေါင်းထဲကိုဝင်သွားခဲ့ပြီး နောက်ပိုင်းမှာတော့ ပေါင်အပေါ်ပိုင်းမှာ ရေခဲကပ်ထားတာကိုတွေ့ရပါတယ်။
"ကိုးလ်က ဒီမနက်မှာ လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒီပွဲကစားနိုင်ဖို့အတွက် ဒီမနက်မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ရပါတယ်။ သူက ၁၀၀% ကြံ့ခိုင်မှုမရှိခဲ့ပါဘူး။ ဒီပွဲကစားနိုင်ဖို့အတွက် သူကစွမ်းဆောင်ရည်အကောင်းဆုံးပြသခဲ့ပေမဲ့ ၁၀၀% မကြံ့ခိုင်ခဲ့ပါဘူး" လို့မာရက်စကာကပြောပါတယ်။
အစောပိုင်းကလူစားလဲခဲ့ရတာကတော့ ခြေသလုံးဒဏ်ရာကနေပြန်လည်သက်သာခါစပါမာအတွက် ထပ်မံထိခိုက်မှုတစ်ခုဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းကို ၃-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲမှာတော့ ရာသီအစကစပြီး သူပထမဆုံးအကြိမ်ပွဲထွက်ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
မာရက်စ်ကာက "သူ့အတွက်ကတော့ အချိန်အတော်ကြာပြဿနာရှိနေတာဖြစ်ပြီး သူ့ခြေသလုံးကထပ်ပြီးထိခိုက်ခဲ့တာပါ၊ သူကဒီမနက်မှာစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အသင်းအတွက်ဒီပွဲကစားချင်ခဲ့တာကြောင့် သူ့ရဲ့စွမ်းဆောင်ရည်ကအရမ်းကိုကြီးမားပါတယ်။ ဒါပေမဲ့ မိနစ် ၂၀ အကြာမှာတော့ တစ်ခုခုခံစားလိုက်ရတာကြောင့် သူ့ကိုလူစားလဲခဲ့ရတာပါ"လို့ ဆိုပါတယ်။