
ချဲလ်ဆီးခြေချော်မှုအတွက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အပြစ်မမြင်မိပါဘူးလို့ ဆိုလိုက်တဲ့ မာရက်စ်ကာ
ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေရလဒ်အတွက် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ တိုတောင်းလှတဲ့ရာသီကြိုကာလပြင်ဆင်မှုအပေါ် အပြစ်ပုံချသင့်တယ်လို့ ချဲလ်ဆီးနည်းပြမာရက်စ်ကာ မယုံကြည်ထားပါဘူး။
အဲ့ဒီပွဲစဉ်မှာ ချဲလ်ဆီးက ဂိုးပေါက်တည့်ကန်ချက် သုံးကြိမ်သာ ပြုလုပ်နိုင်ပေမယ့် မာရက်စ်ကာကတော့ သူ့ရဲ့အသင်းကို အနိုင်ရလဒ်နဲ့ထိုက်တန်တယ်လို့ ယူဆနေခဲ့ပါတယ်။ သူက ချဲလ်ဆီးအသင်း တိုးတက်လာလိမ့်ဦးမယ်ဆိုတဲ့အချက်အပေါ် ယုံကြည်မှုအပြည့်ရှိနေခဲ့ပြီး ပုံမှန်မဟုတ်တဲ့ ရာသီကြိုကာလပြင်ဆင်မှုတွေအပေါ် အပြစ်တင်ဖို့ ငြင်းဆန်သွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် မာရက်စ်ကာက “ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့ ကျွန်တော်တို့တွေ အမြဲတမ်းကြိုးစားပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့တွေ အနိုင်မရရှိခဲ့ပေမယ့် အနိုင်ရလဒ်နဲ့တော့ ထိုက်တန်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာရော၊ ဒုတိယပိုင်းပွဲချိန်အတွင်းမှာပါ အခွင့်အရေးတွေ လုံလုံလောက်လောက် ဖန်တီးနိုင်ခဲ့ပါတယ်။ အလွတ်တည်ကန်ဘောဖရီးကစ်မှတပါး ပြိုင်ဘက်အတွက် အခွင့်အရေးကောင်းတွေ ခွင့်မပြုပေးခဲ့ရပါဘူး။
ဒါပေမဲ့ တချိန်တည်းမှာပဲ ပြိုင်ဘက်အသင်းဟာ ဘယ်လောက်အထိ တောင့်တင်းတယ်၊ ဘယ်လောက်အထိ စည်းစနစ်ကျတယ်ဆိုတာကို ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေက နောက်ဆုံးကစားခဲ့တဲ့ ဗိုလ်လုပွဲနှစ်ခုမှာ မန်စီးတီး၊ လီဗာပူးတို့ကို အနိုင်ယူခဲ့တာပါ”လို့ ပြောပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲပါဝင်နေတဲ့ ရာသီကြိုကာလကြောင့် ချဲလ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိစေသလားဆိုတဲ့မေးခွန်းကို မာရက်စ်ကာက “ အဲ့ဒီလိုမျိုးတော့ မယူဆမိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အဆုံးသတ်မတိုင်ခင်အထိ ပွဲစဉ်ကို အနိုင်ရရှိအောင် ကြိုးစားယှဉ်ပြိုင်ကစားခဲ့လို့ပဲ ဖြစ်ပါတယ်။ အဆုံးမှာတော့ အန်ဒရေဆန်းတို့စ်၊ အက်စ်တီဗာအိုတို့နဲ့အတူ အခွင့်အရေးအချို့ရရှိခဲ့ပါတယ်။ ဒါကြောင့် ကဏ္ဍစုံမှာ ကောင်းကောင်းယှဉ်ပြိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ကျွန်တော်တို့ ပြသနိုင်ခဲ့ပါတယ်။
အမှန်ပါပဲ၊ ပြိုင်ဘက်က ခုနစ်ပွဲ၊ ရှစ်ပွဲလောက် ကစားပြီးချိန် ကျွန်တော်တို့ကတော့ ပွဲကစားချိန်မျှဝေဖို့ လွန်ခဲ့တဲ့သီတင်းပတ်မှာ နှစ်ပွဲသာ ကစားခဲ့ရပါတယ်။ ဒီနေ့မှာတော့ တကယ့်ပြိုင်ပွဲအစစ်အမှန်ကို မြည်းစမ်းခဲ့ပြီးပါပြီ။ ဒါပေမဲ့ တဖြည်းဖြည်းတော့ ကျွန်တော်တို့အသင်း ပိုကောင်းလာပါလိမ့်မယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။