
နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ အခွင့်အရေးရယူဖို့ ချဲလ်ဆီးကစားသမားတွေကို မာရက်စကာ တိုက်တွန်း
ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာက ယနေ့ည နော်တင်ဟမ်ဖောရက်စ်အသင်းကို အနိုင်ယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် ဂိုးသွင်းယူပြီး အသင်းအတွက် သူရဲကောင်းဖြစ်လာဖို့ ကစားသမားတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။ ၂၀၀၂-၀၃ ရာသီကုန်ပွဲစဉ်မှာ ဂျက်စပါဂရွန်ကယားရဲ့ဂိုးကြောင့် ချဲလ်ဆီးအသင်းက လီဗာပူးကိုအနိုင်ရရှိပြီး ဥရောပထိပ်တန်းပြိုင်ပွဲဝင်ခွင့်ရခဲ့တာကို ပြန်သတိရမိတယ်လို့ မာရက်စ်ကာက ပြောပါတယ်။
မာရက်စကာရဲ့ သူငယ်ချင်းဖြစ်သူ ကလော်ဒီယိုရာနီရေရီက အဆိုပါအချိန်က နည်းပြဖြစ်ပြီး ရိုမန်အေဗရာမိုဗစ်က အသင်းကိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဟာ ရုရှားသူဌေးကြီးအတွက် ကြီးမားတဲ့ဆွဲဆောင်မှုတစ်ခုဖြစ်ခဲ့ပြီး ဂရွန်ကယားရဲ့ဂိုး (နောက်ပိုင်းမှာ ပေါင် ၁ ဘီလီယံတန်ဂိုးလို့ပြောဆိုခဲ့ကြသည်) မရှိခဲ့ရင် သမိုင်းဝင်တဲ့ အဲဒီဝယ်ယူမှုကြီး ဖြစ်လာမှာမဟုတ်ပါဘူး။
မာရက်စကာက "ဒီပွဲက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ကစားသမားတွေသိနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ကျွန်တော်တို့ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ ကစားရမယ်ဆိုတာကို သူတို့သိနေပါတယ်"လို့ ပြောခဲ့ပါတယ်။
၂၀၀၃ ခုနှစ်က ချဲလ်ဆီးအတွက် ဂရွန်ကယားရဲ့ဂိုးနဲ့ပတ်သက်ပြီး မာရက်စကာက "သူတို့အားလုံးက အဲဒီလိုဂိုးသွင်းပြီး ချန်ပီယံလိဂ်မှာ ကစားရဖို့ အိပ်မက်မက်နေကြတယ်။ လွန်ခဲ့တဲ့ပွဲအချို့ကို ပြန်သတိရကြည့်ပါ၊ ဖူလ်ဟမ်နဲ့ပွဲမှာ တိုင်ရစ်ဂျော့ခ်ျက ကျွန်တော်တို့ကို ပွဲပြန်ကစားခွင့်ရအောင်ကူညီပေးခဲ့ပြီး နောက်ဆုံးမှာ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဘယ်လိုဖြစ်လာမယ်ဆိုတာ သင်ဘယ်တော့မှမသိနိုင်ပါဘူး။ ခံစစ်ကစားသမားတစ်ယောက် ဖြစ်သွားနိုင်သလို၊ ကွင်းလယ်ကစားသမားတစ်ယောက်လည်းဖြစ်သွားနိုင်ပါတယ်။ ဘယ်သူဖြစ်လာမလဲဆိုတာ ဘယ်တော့မှမသိနိုင်ပါဘူး"လို့ ပြောခဲ့ပါတယ်။