
ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ ယူနိုက်တက်သို့ပြန်ရောက်လာမယ်လို့ အာမိုရင်ပြောကြား
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှ အငှားနဲ့ထွက်ခွာသွားကြတဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ အန်တိုနီတို့ဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးပါက အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လည်ရောက်ရှိလာမှာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်က ပြိုင်ဘက်ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာသို့ပြောင်းရွှေ့သွားတာဖြစ်ပြီး အန်တိုနီကတော့ စပိန်ကလပ် ရီးရဲလ်ဘက်တစ်သို့ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ကစားသမား ၂ ဦးဟာ အသင်းသစ်တွေမှာ အသီးသီးခြေစွမ်းပြနေကြပြီး အာမိုရင်က အခုလို ကစားသမားတွေတောက်ပနေတာကို မြင်တွေ့ရတာ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အက်စတွန်ဗီလာအတွက် စုစုပေါင်း ၁၇ ပွဲကစားထားရာမှာ ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၆ ကြိမ်အထိပြုလုပ်ထားနိုင်သလို၊ အန်တိုနီကလည်း ဘက်တစ်အတွက် ၁၈ ပွဲကစား၊ ၅ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ပေးထားနိုင်ပါတယ်။ ဗီလာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ရာသီကုန်မှာ ပေါင်သန်း ၄၀ နဲ့အပြီးသတ်ဝယ်ယူခွင့်ရှိနေပေမယ့် ဘာစီလိုနာကလည်း အင်္ဂလန်သားကိုစိတ်ဝင်စားနေတာကြောင့် ယူနိုက်တက်အနေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ရှိနေတာဖြစ်ပါတယ်။ ဘက်တစ်ကတော့ အန်တိုနီကိုအပြီးသတ်ခေါ်ယူဖို့အတွက်မတတ်နိုင်တာကြောင့် နောက်တစ်ရာသီအငှားနဲ့ ဆက်လက်ထားရှိဖို့ကြိုးစားနေပေမယ့် ယူနိုက်တက်ဘက်က သဘောတူဖို့မရှိပါဘူး။
ယခုအခါမှာ အာမိုရင်က “အငှားနဲ့ထွက်ခွာသွားတဲ့ ကစားသမားတွေအားလုံး ရာသီကုန်မှာ အသင်းကိုပြန်လာကြရမှာဖြစ်ပြီး နောက်ပိုင်းမှ အသင်းက ဆုံးဖြတ်ချက်တွေပြန်ချသွားရမှာပါ။ ကစားသမားတွေကို အငှားချတယ်ဆိုတာ သူတို့တိုးတက်လာဖို့အတွက်ပါ။ အသင်းကနေ အငှားချထားတဲ့ ကစားသမားတွေကလည်း ပါရမီရှင်တွေချည်းပါပဲ။ ရက်ရှ်ဖို့ဒ်၊ အန်တိုနီ အားလုံးမှာ ပါရမီရှိပါတယ်။ သူတို့အခုလို ခြေစွမ်းတိုးတက်လာတာ ကျွန်တော်တို့ အရမ်းဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ ရက်ရှ်ဖို့ဒ်ဟာ ဗီလာနဲ့အတူ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်နေမှာဖြစ်ပြီး အူနိုင်းအမ်မရီရဲ့အသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။ တစ်ဖက်မှာ အန်တိုနီကတည်း ဘက်တစ်နဲ့အတူ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်အထိ တက်ရောက်ထားနိုင်ပါတယ်။