အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရက်ရှ်ဖို့ဒ်ရဲ့ကိုယ်စားလှယ်များ အေစီမီလန်သို့ထွက်ခွာ
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ကိုယ်စားလှယ်တွေဟာ ကစားသမားရဲ့ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ အေစီမီလန်သို့ ထွက်ခွာသွားပြီဖြစ်တယ်လို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။
အေစီမီလန်ဟာ ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ယခုလအစောပိုင်းမှာ ဖော်ပြလာခဲ့ပြီး အင်္ဂလန်သားကလည်း ပြီးခဲ့တဲ့လမှာကတည်းက အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာပြီး အသင်းသစ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့တွေ့ဆုံသွားဖို့ ဆန္ဒရှိနေကြောင်း ပြောကြားထားခဲ့တာဖြစ်ပါတယ်။ အင်္ဂါနေ့မှာ ရက်ရှ်ဖို့ဒ်ရဲ့ အစ်ကိုဖြစ်သူနဲ့ အေးဂျင့်တို့ဟာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ မီလန်သို့ထွက်ခွာသွားပြီဖြစ်ပေမယ့် လောလောဆယ်မှာတော့ အေစီမီလန်က ကစားသမားကို အငှားစာချုပ်နဲ့သာခေါ်ယူလိုနေတာဖြစ်ပါတယ်။
သတင်းတွေအရ ရက်ရှ်ဖို့ဒ်ကို အေစီမီလန်သာမက အခြားဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဒေါ့မွန်၊ ဂျူဗင်တပ်စ်နဲ့ ဂါလာတာစာရေးတို့ကလည်း ခေါ်ယူဖို့စိတ်ဝင်စားနေကြတယ်လို့သိရပါတယ်။ စီးရီးအေမှာ သွင်းဂိုးတွေရဖို့ရုန်းကန်နေရတဲ့ အေစီမီလန်ဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ရက်ရှ်ဖို့ဒ်ရဲ့ အသင်းဖော်ဟောင်း ဇလာတန်အီဘရာဟီမိုဗစ်ကလည်း ယခုအခါမှာ အေစီမီလန်ရဲ့ အကြီးတန်းအကြံပေးရာထူးကိုရယူထားတာဖြစ်ပြီး အင်္ဂလန်သားရဲ့အပြောင်းအရွှေ့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖွယ်ရှိနေပါတယ်။ ယူနိုက်တက်အနေနဲ့ ကစားသမားကို ပေါင်သန်း ၄၀ နဲ့အပြီးသတ်ရောင်းချလိုနေပြီး အေစီမီလန်ကတော့ အငှားသာခေါ်ယူဖို့ ရည်ရွယ်ထားတာကြောင့် ဆွေးနွေးမှုတွေက ဆက်လက်ပြုလုပ်သွားရမယ့်ပုံပေါ်ပါတယ်။
ရက်ရှ်ဖို့ဒ်ကို ဥရောပကလပ်တွေသာမက ဆော်ဒီကလပ်တွေကလည်း ပစ်မှတ်ထားစောင့်ကြည့်နေကြတာကြောင့် ယူနိုက်တက်အနေနဲ့ ရွေးချယ်စရာအများအပြားရှိနေတာလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်မှာ နေရာရဖို့ ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်တိုက် အသင်းရဲ့လူစာရင်းမှ ချန်လှပ်ခံခဲ့ရပါတယ်။