အာဆင်နယ်နဲ့ ချဲလ်ဆီးပစ်မှတ်ကို ခေါ်ယူဖို့ ဘာစီလိုနာကို တိုက်တွန်းလိုက်တဲ့ အင်နီယေစတာ
ဘာစီလိုနာဂန္ထဝင်ဟောင်း အင်နီယေစတာက အသင်းဟောင်းအနေနဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ပစ်မှတ်ထားနေတဲ့ စပိန်တောင်ပံကစားသမား ဝီလီယံကိုခေါ်ယူဖို့ တိုက်တွန်းပြောကြားလိုက်ပါတယ်။ ဝီလီယံဟာ စပိန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် ဘာစီလိုနာအပါအဝင် အသင်းကြီးတော်တော်များများက ခေါ်ယူချင်နေကြတာဖြစ်ပါတယ်။
အသက် ၂၂ နှစ်သားဟာ စပိန်အသင်းနဲ့အတူ ယူရိုပွဲစဉ် ၆ ပွဲမှာ ၅ ပွဲအထိ ပါဝင်ကစားထားကာ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနားပေးခံခဲ့ရပါတယ်။ စပိန်အသင်းနဲ့ယူရိုမှာ ပါဝင်နေပေမယ့် ဝီလီယံနဲ့အနာဂတ်က လှုပ်ရှားနေဆဲဖြစ်ကာ ဘီလ်ဘာအို အသင်းထံကိုလည်း ကမ်းလှမ်းမှုတွေရှိနေတာဖြစ်ပါတယ်။
ဘာစီလိုနာကတော့ ဝီလီယံကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးက ဦးဆောင်နေပြီး ချဲလ်ဆီး နဲ့ အာဆင်နယ်တို့က သူ့နောက်မှာ ရပ်တည်နေပါတယ်။ ဘာစီလိုနာဂန္ထဝင် အင်နီယေစတာကတော့ အင်တာဗျူးတစ်ခုမှာ “နိုင်ငံအသင်းနဲ့အတူ ဒီကောင်လေးပြသနေတဲ့ခြေစွမ်းတွေက တကယ့်ထိပ်တန်းအဆင့်ပါ။ ကလပ်အသင်းနဲ့အတူလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ ဒီလိုအနေအထားကြောင့်လည်း အသင်းကြီးတွေက အလိုရှိနေတာပါ။ ဘာစီလိုနာအနေနဲ့လည်း သူ့ကိုခေါ်ယူသင့်ပါတယ်။ သူက ဘာစီလိုနာကို နောက်တစ်ဆင့်မြှင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရပါမယ်”လို့ အင်နီယေစတာက ပြောကြားခဲ့ပါတယ်။ ဝီလီယံကတော့ သူ့အနေနဲ့ ယူရိုအပြီးမှာမှ အပြောင်းအရွှေ့အတွက် စဉ်းစားမယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်ပြင်ပကလာတဲ့ အပြောင်းအရွှေ့အကြောင်းတွေ မသိချင်ပါဘူး။ ဘာလို့လဲဆိုတော့ အဲ့အရာတွေက ကျွန်တော့်ကို နှောက်ယှက်နိုင်တာကြောင့်ပါ။ အခုစပိန်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ ဝီလီယံက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာကွင်းလယ်လူ ပီဒရီကလည်း ဝီလီယံကို အသင်းထံပြောင်းလာဖို့ တိုက်တွန်းထားပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “နီကိုက ဘာစီလိုနာနဲ့သတင်းတွေ ထွက်နေပါတယ်။ အဲ့တာက တကယ်ကောင်းပါတယ်။ သူက ထိပ်တန်းကစားသမားတစ်ဦးဆိုတာပြသထားပါတယ်။ သူကျွန်တော်တို့ဆီပြောင်းလာဖို့ မျှော်လင့်ပါတယ်။ စကားတော့ အများကြီးမပြောဖြစ်ပါဘူး။ ဆုံးဖြတ်ချက်က သူနဲ့ ဘာစီလိုနာအပေါ်မှာပဲ မူတည်တာပါ။ အများကြီးဖြစ်လာနိုင်ပါသေးတယ်”လို့ ပီဒရီက ပြောကြားခဲ့ပါတယ်။