
ပြိုင်ဘက်စတားတစ်ဦးကို ရိုက်ချိုးချင်ခဲ့ကြောင်း မာဆယ်လို ဝန်ခံပြောကြားလာ
ရီးရဲလ်ဂန္ထဝင်ဟောင်း မာဆယ်လိုက သူ့အနေနဲ့ မက်ဆီရဲ့အရူးလုပ်ခြင်းခံခဲ့ရပြီးနောက် ရိုက်ချိုးချင်စိတ်ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ရီးရဲလ်အသင်းနဲ့ ၁၅ နှစ်တာကာလအတွင်းမှာ ပွဲပေါင်း ၅၄၆ ပွဲအထိ ပါဝင်ကစားခဲ့ပြီး အသင်းကို ချန်ပီယံလိဂ် ၅ ကြိမ် နဲ့ လာလီဂါ ၆ ကြိမ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ မာဆယ်လို နဲ့ မက်ဆီတို့ဟာ ပုံမှန်တွေ့ဆုံနေတာဖြစ်ပြီး မက်ဆီကလည်း မာဆယ်လိုကို မကြာခဏဆိုသလို ကျော်ဖြတ်လေ့ရှိတာဖြစ်ပါတယ်။
အင်တာဗျူးတစ်ခုမှာ မာဆယ်လိုက “ကျွန်တော် မက်ဆီကို အများကြီးချီးကျူးချင်ပါတယ်။ သူက တကယ့်ကို မယုံကြည်နိုင်စရာကောင်းတဲ့ကစားသမားပါ။ ခင်ဗျား သူကျွန်တော့်ကို အရူးလုပ်ခဲ့တဲ့ဗီဒီယိုတွေပြမယ်လို့ တွေးထားတာပါ။ ကျွန်တော် သူကျော်ဖြတ်တာတောင် မမြင်လိုက်ရပါဘူး။ သူက အရမ်းလျင်မြန်ပါတယ်။ ဒါပေမယ့် ပြဿနာမရှိပါဘူး။ ကျွန်တော်က ဖြတ်ကျော်ရာမှာ အကောင်းဆုံးဖြစ်တဲ့နေရာမှာ မွေးဖွားလာခဲ့တာပါ။ ဖြတ်ကျော်ခံရဖို့ မဟုတ်ပါဘူး။ သူ့ကို ကျွန်တော် ရိုက်ချိုးချင်ခဲ့တာပါ။ ဒါပေမယ့် သူ့ကို ဖမ်းလို့မမိခဲ့ပါဘူး”လို့ မာဆယ်လိုက ပြောကြားခဲ့ပါတယ်။
ဘရာဇီးသားက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကြား အငြင်းပွားမှုနဲ့ပတ်သက်ပြီးလည်း သူ့အနေနဲ့ အခုလိုသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမား ၂ ဦးနဲ့ တစ်ခေတ်တည်းမှာ အတူတူကစားခွင့်ရတာက ကံကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ “ရော်နယ်ဒိုက သူပိုကောင်းတယ်လို့ တွေးနေပါတယ်။ ရူးသွပ်ချင်စရာအချိန်တွေရှိခဲ့ပါတယ်။ တစ်ယောက် ၂ ဂိုးသွင်းရင် နောက်တစ်ယောက်က ၃ ဂိုးသွင်းပါတယ်။ ကျွန်တော်တို့ အဲ့တာကို နှစ်သက်ကြပါတယ်။ လူတော်တော်များများက နှိုင်းယှဉ်တာတွေလုပ်ကြပါတယ်။ ဒါပေမယ့် ဒီလိုအရာတွေပို နှစ်သက်ကြဖို့တော့ မေ့နေကြပါတယ်”လို့ မာဆယ်လိုက မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကြား အားပြိုင်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
မာဆယ်လိုဟာ ဖလူမီနီးစ်အသင်းကနေထွက်ခွာပြီးနောက် အသက် ၃၆ နှစ်မှာ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ မက်ဆီကတော့ မေဂျာလိဂ်မှာ စွမ်းဆောင်ရည်ကောင်းပြသနေသလို ရော်နယ်ဒိုကလည်း ဆော်ဒီလိဂ်မှာ စွမ်းဆောင်ရည်ကောင်းပြသနေဆဲဖြစ်ပါတယ်။