The network connection is lost.

Banner Image

လက်ရွေးစင်ကစားသမားဘဝအနားယူမှု ကို ရပ်တန့်ပေးဖို့ တောင်းဆိုသံတွေအပေါ် တုံ့ပြန်လာတဲ့ နူအာ

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် လက်ရွေးစင်အဆင့်ကစားသမားဘဝအနားယူထားမှု ကို ရုပ်သိမ်းပေးဖို့ တောင်းဆိုသံတွေ အမြောက်အများထွက်ပေါ်လာပေမဲ့ နူအာကတော့ ဂျာမနီလက်ရွေးစင်အသင်းဆီ ချက်ချင်းဆိုသလို ပြန်လာနိုင်ဖို့မရှိသေးဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။

လက်ရွေးစင်ကစားသမားဘ၀ ၁၂၄ ပွဲအထိ ဖြတ်သန်းခဲ့ဖူးတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဆုရှင်က ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်း လက်ရွေးစင်အဆင့်ဖြတ်သန်းနေမှုကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ တာစတီဂန်ဒဏ်ရာရရှိမှုအပြီး လက်ရွေးစင်အဆင့်ဆီ နူအာပြန်လာမယ်ဆိုတဲ့ထင်ကြေးတွေ မြင့်တက်လာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဝါရင့်ဂိုးသမားက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ဖို့ကိစ္စကို လုံးဝငြင်းဆန်ခြင်းမရှိပေမဲ့ လတ်တလောမှာတော့ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးဖို့ မစဉ်းစားထားဘူးလို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

ယမန်နေ့(ဗုဒ္ဓဟူးနေ့)၊ မြူးနစ်မြို့မှာကျင်းပတဲ့ ဧည့်ခံပွဲတစ်ခုအတွင်း နူအာက “ ပထမဆုံးအနေနဲ့ ကျွန်တော့်ဆီ လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးမလားဆိုပြီး မမေးလာခဲ့ပါဘူး။ နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ အနားယူဖို့ဆိုတာ ကျွန်တော့်အတွက်တော့ အသိတရားရှိစေတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါဆို ကျွန်တော့်အတွက် ရွေးချယ်စရာ မလိုတော့ပါဘူး။

ကျွန်တော့်မှာ အရမ်းအောင်မြင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်တစ်ခု ရှိခဲ့ဖူးပါတယ်။ လောလောဆယ်တော့ လက်ရွေးစင်အသင်းဆီ ပြန်လာပေးဖို့ကိစ္စကို မစဉ်းစားမိသေးပါဘူး။ ၂၀၀၉ ခုနှစ်ကတည်းက အသင်းနဲ့အတူ ကျွန်တော်ရှိနေခဲ့ပြီး အသင်းကို ဥရောပချန်ပီယံရှစ်ပြိုင်ပွဲနဲ့အတူ ပျော်ပျော်ရွှင်ရွှင်လမ်းခွဲခဲ့ပါတယ်။ ကျွန်တော်က ဂျာမန်ဘောလုံးလောကအတွေ့အကြုံအများကြီးရှိထားပြီး ဂျာမန်ဘောလုံးလောကအတွက် တခုခုတော့ ပြန်ပေးဆပ်သွားသင့်တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။

နူအာအနားယူသွားမှုနဲ့အတူ ဂျာမနီလက်ရွေးစင်အသင်းရဲ့ပွဲထွက်ဂိုးသမားနေရာ မတည်မငြိမ်ဖြစ်နေပြီး လတ်တလောမှာ ဆလိုဗက်ကီးယားကိုရှုံးနိမ့်ခဲ့လို့ အငြင်းအခုံတွေ ဆက်ရှိနေနိုင်ပါတယ်။ ဒီလိုငြင်းခုံမှုတွေက ကမ္ဘာ့ဖလားမတိုင်ခင် တည်ငြိမ်မှုတစ်ခုရှာဖွေလိုနေတဲ့ နာဂယ်စ်မန်းအတွက် ဖိအားတွေ တိုးပွားစေပါလိမ့်မယ်။ ဂျာမနီနည်းပြကတော့ သူ့ရဲ့ပွဲထွက်ဂိုးသမားအဖြစ် တာစတီဂန်ကို ရွေးချယ်ထားပြီး ဘာစီလိုနာဂိုးသမားဒဏ်ရာရရှိနေချိန် ဘူမန်းကိုယ်တိုင် လက်ရွေးစင်အဆင့်မှာ သက်သေပြနိုင်ဖို့ ကြိုးစားနေဆဲဖြစ်လို့ နူအာပြန်လာရေးတောင်းဆိုသံတွေ တချိန်ချိန်မှာ လက်တွေ့အကောင်အထည်ပေါ်လာနိုင်ပါတယ်။