The network connection is lost.

Banner Image

ဒူးခေါင်းဒဏ်ရာကြောင့် တစ်လကြာအနားယူရမယ့် ယူနိုက်တက်ကြယ်ပွင့် ဆက်စ်ကို

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ နိုင်ငံတကာပွဲစဉ်တွေမစတင်မီက တော့တင်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ဒူးခေါင်းဒဏ်ရာကြောင့် တစ်လကြာအနားယူရမယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ 

ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ကြီးမားတဲ့ဒဏ်ရာပြဿနာကိုရှောင်လွှဲနိုင်ခဲ့ပေမယ့် အများဆုံး ၁ လလောက်အထိတော့ အနားယူရဖို့ရှိတယ်လို့ Sky Sports ကသတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဆက်စ်ကိုဟာ လူစားဝင်ကစားသမားအဖြစ်သာပါဝင်ခဲ့တာဖြစ်ပေမယ့် ပွဲကစားချိန် ၈၂ မိနစ်မှာ ဒဏ်ရာပြဿနာကြုံတွေ့ပြီး ကွင်းပြင်ပသို့ ပြန်လည်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ 

အဆိုပါဒဏ်ရာကြောင့်ပဲ ကစားသမားဟာ ယခုနိုဝင်ဘာလအတွင်းကစားခဲ့တဲ့ ဆလိုဗေးနီးယားရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၂ ပွဲကိုလည်း လွဲချော်ထားခဲ့ပါတယ်။ နွေရာသီမှာ လိုက်ပ်ဇစ်မှ အိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့ကြေးပေါင် ၇၄ သန်းနဲ့ရောက်ရှိလာခဲ့တဲ့ ဆက်စ်ကိုဟာ ယူနိုက်တက်ကစားသမားဘဝအစမှာတော့ ပုံစံကောင်းပြသနိုင်ဖို့ အတော်လေးရုန်းကန်နေရပါတယ်။

ယခုရာသီမှာ ဆက်စ်ကိုဟာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ၁၁ ပွဲကစားထားပေမယ့် ၂ ဂိုးသာသွင်းယူပြီး ဂိုးဖန်တီးမှု ၁ ကြိမ်သာပြုလုပ်ထားနိုင်ပါသေးတယ်။ ဆလိုဗေးနီးယားလက်ရွေးစင်ဟာ ဘောလုံးကိုင်ထားနိုင်သလို၊ အသင်းဖော်တွေနဲ့ချိတ်ဆက်မှုအားကောင်းတာကြောင့် ဒီနေ့ခေတ်ဘောလုံးလောကအတွက် ခြေစွမ်းပြသနိုင်မယ့်ကစားသမားမျိုးဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အသားကျဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။

ဆက်စ်ကိုအနေနဲ့ ပရီးမီးယားလိဂ်မှာအသားကျဖို့ အချိန်ပေးနေရစဉ်မှာ အခုလို ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရတာကြောင့် ပိုမိုခက်ခဲစွာရုန်းကန်သွားရဖွယ်ရှိပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆက်စ်ကိုကတော့ အဆိုပါပွဲစဉ်ကို လွဲချော်သွားဖို့ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ၅ ပွဲဆက်မရှုံးခဲ့ဘဲ ၂ ပွဲဆက်သရေကျထားခဲ့တဲ့ယူနိုက်တက်အနေနဲ့ အဲဗာတန်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။