
အမ်ဘွေမို ခေါ်ယူမှုရေး အခက်အခဲနှင့် ရင်ဆိုင်နေရတဲ့ အကြောင်းအရင်းကို ပြောကြားလိုက်တဲ့ ယူနိုက်တက်
ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ် တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘွေမိုကို ခေါ်ယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး ပြောင်းရွှေ့မှုဟာ ကြန့်ကြာနေပါတယ်။ ပေါင် ၄၅ သန်းအပြင် အပိုဆုကြေး ပေါင် ၁၀ သန်းဖြင့် ကနဦး ကမ်းလှမ်းမှုကို ဘရန့်ဖို့ဒ်က ပယ်ချခဲ့ပြီးနောက် ဇွန်လကုန်မှာ ပေါင် ၅၅ သန်းအပြင် ဘောနပ်စ် ပေါင် ၇.၅ သန်း ဒုတိယအဆိုပြုချက်ကိုလည်း ပယ်ချခဲ့ပါတယ်။
အဲဒီဒုတိယအဆိုပြုချက် ပယ်ချခံရပြီးနောက် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပေမဲ့ အိုးထရက်ဖို့ဒ် ဘက်ကနေ တတိယကမ်းလှမ်းမှု မရှိသေးဘဲ နှစ်ပတ်ကျော်ကြာအောင် တိုးတက်မှု မရှိသေးပါဘူး။ ဘရန့်ဖို့ဒ်ကတော့ ဝုဗ် ကနေ မက်သီးယက် ကူညာ ကို ခေါ်ယူဖို့ ပေးခဲ့တဲ့ ပေါင် ၆၂.၅ သန်းထက် ပိုများတဲ့ တိကျတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုနေတယ်လို့ သိရပါတယ်။
နည်းပြ ရူဘင်အာမိုရင် ဟာ ဒီအပတ်မှာ ရာသီကြို လေ့ကျင့်ရေးစခန်း စတင်တော့မှာဖြစ်လို့ အသင်းရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို စောစီးစွာ ပြီးမြောက်အောင် မြင်စေလိုခဲ့ပါတယ်။ ယူနိုက်တက်ရဲ့ ပထမဆုံး ရာသီကြိုပွဲစဉ်ကတော့ စနေနေ့မှာ စတော့ဟုမ်း မှာ လိဒ်စ်ယူနိုက်တက် နဲ့ ကစားမှာဖြစ်ပြီး ထို့နောက် အသင်းဟာ အမေရိကန်ပြည်ထောင်စုကို ဝက်စ်ဟမ်း ၊ ဘုန်းမောက် ၊ အဲဗာတန် တို့နဲ့ ပွဲစဉ်တွေအတွက် ထွက်ခွာမှာ ဖြစ်ပါတယ်။
လက်ရှိအခြေအနေအရ ကူညာနဲ့ အသက် ၁၈ နှစ်အရွယ် ဘယ်နောက်ခံလူ ဒီယေဂို လီယွန်တို့ကသာ အသင်းရဲ့ ကစားသမားအသစ်တွေအဖြစ် ရှိနေပါတယ်။ယူနိုက်တက်ရဲ့ အာရုံစိုက်မှုက အမ်ဘွေမိုအပေါ်မှာ ရှိနေပြီး စိတ်ရှည်တဲ့ ချဉ်းကပ်မှုက ဘရန့်ဖို့ဒ်ကို သူတို့ရဲ့ တန်ကြေးကို လျှော့ချလာစေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
အိုင်ဗရီကို့စ် လက်ရွေးစင်ဟာ အာဆင်နယ်၊ နယူးကာဆယ် နဲ့ တော့တင်ဟမ် တို့ရဲ့ စိတ်ဝင်စားမှု ရှိနေပေမဲ့ မန်ချက်စတာကို ပြောင်းရွှေ့ချင်နေပါတယ်။ သို့ပေမဲ့ အခုချိန်မှာတော့ ပြောင်းရွှေ့ဖို့ အတင်းအကျပ် တောင်းဆိုတာ မရှိဘဲ ဒီအပတ် လေ့ကျင့်ရေးကို တက်ရောက်နေပါတယ်။ The Athletic က တိုက်စစ်မှူးရဲ့ စိတ်နေစိတ်ထားက လာမယ့်ဆွေးနွေးမှုတွေမှာ အရေးပါတဲ့ အချက်တစ်ခု ဖြစ်နိုင်ပြီး အမ်ဘိုမိုဟာ ပြောင်းရွှေ့မှု နှေးကွေးနေတဲ့အတွက် စိတ်ပျက်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ မာကပ်စ် ရက်ရှ်ဖို့ဒ် ၊ အယ်လီဟန်ဒရို ဂါနာချို ၊ ဂျေဒန် ဆန်ချို ၊ အန်တိုနီ နဲ့ တိုင်ရယ်လ် မာလာစီယာ တို့ကို ရောင်းချပြီး ပြောင်းရွှေ့ကြေးကို မြှင့်တင်ဖို့ ဆက်လက် ကြိုးပမ်းနေပေမဲ့ အသင်းဟောင်း ကစားသမားနှစ်ဦးက အသင်းသစ်တွေဆီ ပြောင်းရွှေ့ခဲ့တာကနေ အကျိုးအမြတ် ရရှိခဲ့ပါတယ်။
နှစ်နှစ်အကြာက ယူနိုက်တက်ကနေ နော်တင်ဟမ် ဖောရက်စ် ကို ပြောင်းရွှေ့ခဲ့တဲ့ အန်တိုနီ အီလန်ဂါ ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က နယူးကာဆယ် သို့ ပေါင် ၅၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ပြန်ရောင်းချရေးကနေ ၁၀ ရာခိုင်နှုန်း အပိုဆုကြေးကြောင့် ယူနိုက်တက်ဟာ အဲဒီစာချုပ်ကနေ ပေါင် ၆ သန်းလောက် ရရှိမှာ ဖြစ်ပါတယ်။
အယ်လ်ဗာရို ဖာနန်ဒက်ဇ် ဟာ ပြီးခဲ့တဲ့နွေရာသီက ယူနိုက်တက်ကနေ ဘင်ဖီကာကို အပြီးအပိုင် ပြောင်းရွှေ့ခဲ့ပြီး ပေါ်တူဂီမှာ ကောင်းမွန်တဲ့ ရာသီတစ်ခု ဖြတ်သန်းခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်က ပေါင် ၄၃.၄ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။သူ့ကို ဘင်ဖီကာဆီ ပြောင်းရွှေ့စေခဲ့တဲ့ စာချုပ်မှာ ပြန်ရောင်းချရေးမှ ၂၀ ရာခိုင်နှုန်း အပိုဆုကြေး ပါဝင်တာကြောင့် ယူနိုက်တက်ဟာ အဲဒီပြောင်းရွှေ့မှုကနေ ပေါင် ၇.၅ သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။