The network connection is lost.

Banner Image

ဇက်ခ်ဇီကို တရားဝင်ခေါ်ယူနိုင်ခဲ့ပြီလို့ အတည်ပြုထုတ်ပြန်လိုက်တဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက်က ဘိုလော့ဂ်နာတိုက်စစ်မှူး ဇက်ခ်ဇီကို ပေါင် ၃၆ ဒဿမ ၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီလို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ အသက်-၂၃ နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ကစားသမားက နောက်ထပ် ၁၂ လ သက်တမ်းတိုးဖို့ ရွေးချယ်ခွင့်ရှိမယ့် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို အိုးထရက်ဖို့ဒ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ယူနိုက်တက်က ဇက်ခ်ဇီအတွက် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၄ ဒဿမ ၅ သန်းကို မပေးချေတော့ဘဲ နောက်ထပ် ပေါင် ၂ သန်း တိုးမြှင့်ပေးချေခဲ့ပါတယ်။ နောက်တိုးပေါင် ၂ သန်းကိုတော့ လာမယ့်သုံးနှစ်အတွင်း ယူနိုက်တက်က ပေးချေသွားရပါမယ်။

နယ်သာလန်အတွက် ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့တဲ့ ဇက်ခ်ဇီက အခုနွေရာသီကာလအတွင်း မန်ချက်စတာယူနိုက်တက် ပထမဆုံးခေါ်ယူတဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။ ဇက်ခ်ဇီက သရဲနီတွေအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိရေး ဟွိုက်စ်လန်းနဲ့ ယှဉ်ပြိုင်သွားရပါလိမ့်မယ်။

ဆေးစစ်မှုအပြီး အားလပ်ရက်ခံစားတော့မယ့် ဇက်ခ်ဇီက “အသင်းနည်းပြအပါအဝင် အသင်းရဲ့ခေါင်းဆောင်တွေနဲ့အတူ ဆွေးနွေးပြီးနောက်မှာ ဒီမှာရှိနေရမယ့် အနာဂတ်က ဘယ်လောက်အထိစိတ်လှုပ်ရှားစရာကောင်းသလဲဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။ မန်ချက်စတာယူနိုက်တက်ရဲ့အောင်မြင်မှုရယူရေးခရီးလမ်းမှာ တစိတ်တပိုင်းအဖြစ် ပါဝင်ဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။

ကျွန်တော်က အနိုင်ရရှိရေးအတွက် အရာရာတိုင်းပေးဆပ်ထားလေ့ရှိတဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော့်ရဲ့ကစားသမားဘဝမှာ ဆုဖလားအောင်မြင်မှုတွေ ပိုမိုရယူဖို့နဲ့ နောက်ထပ်အဆင့်သစ်တစ်ခုဆီ တက်လှမ်းဖို့ စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ထင်ရှားတဲ့ကလပ်အသင်းတစ်ခုမှာ ပါဝင်ခွင့်ရရှိတာ အခွင့်ထူးတစ်ရပ်ဖြစ်ပါတယ်။ လက်ရွေးစင်အသင်းနဲ့အတူ ပါဝင်ကစားပေးပြီးနောက် အခုအချိန်မှာတော့ ကျွန်တော် အားလပ်ရက်အနည်းငယ် ယူသွားပါမယ်။ ဒါပေမယ့် ကျွန်တော်က အသင်းအပေါ် ချက်ချင်းဆိုသလို အကျိုးသက်ရောက်မှုတစ်ခုပြသနိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ပုံစံနဲ့ ပြန်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

ယူနိုက်တက်ရဲ့အားကစားဒါရိုက်တာသစ် အက်ရှ်ဝေါ့ဒ်ကလည်း အိုးထရက်ဖို့ဒ်မှာ သူ့ရဲ့ပထမဆုံး ကစားသမားသစ်ခေါ်ယူနိုင်မှုအပေါ် ကျေနပ်အားရနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဗဟိုခံစစ်မှူးနှစ်ဦးနဲ့ ကွင်းလယ်ခံစစ်ကစားသမားရှာဖွေဖို့ ဈေးကွက်ထဲမှာ ဆက်ရှိနေပါလိမ့်မယ်။

အက်ရှ်ဝေါ့ဒ်က “ကျွန်တော်တို့ရဲ့အားကောင်းပြီးသား တိုက်စစ်အစုအဖွဲ့ဆီ နောက်ထပ်အင်အားဖြည့်တင်းလိုက်ဖို့က အခုနွေရာသီအတွက် အဓိကရည်မှန်းချက်ဖြစ်ပါတယ်။ ဇက်ခ်ဇီလို လုပ်ရည်ကိုင်ရည်ရှိတဲ့ ကစားသမားတစ်ဦးကို အပြောင်းအရွှေ့ရာသီအစောပိုင်းမှာပဲ ခေါ်ယူနိုင်ခဲ့တာ ဝမ်းမြောက်စရာပါ။ ဇက်ခ်ဇီက မန်ချက်စတာယူနိုက်တက်အတွက် ချက်ချင်းဆိုသလို အကျိုးသက်ရောက်မှုတွေရှိလာအောင် လုပ်ပေးဖို့ အသင့်ရှိနေတဲ့ ထူးချွန်သူတစ်ဦး ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့်ကစားသမားဖြစ်လာလိုတဲ့ သူ့ရဲ့စိတ်ဆန္ဒနဲ့ စွမ်းရည်တွေက စိတ်လှုပ်ရှားစရာကောင်းတဲ့ဘောလုံးရာသီတွေကို တည်ဆောက်ဖို့ ရည်မှန်းချက်နဲ့အတူ အသင်းလူစာရင်းဆီ ကောင်းမွန်တဲ့အင်အားဖြည့်တင်းမှုတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။