The network connection is lost.

Banner Image

မန်စီးတီးက သူ့ကို ပိုကောင်းတဲ့ကစားသမားဖြစ်လာအောင် လုပ်ပေးခဲ့တယ်လို့ ဆိုလိုက်တဲ့ ဟာလန်း

မန်စီးတီးမှာရှိနေစဉ်ကာလအတွင်း ပိုကောင်းတဲ့ကစားသမားတစ်ဦး ဖြစ်လာခဲ့တယ်လို့ ဟာလန်းက ပြောဆိုလိုက်ပါတယ်။

နော်ဝေးသားက အင်္ဂလန်မြေမှာ ထူးခြားတဲ့စတင်မှုတစ်နဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လာမယ့်လတွေအတွင်း ဆက်လက်တိုးတက်လာလိမ့်ဦးမယ်လို့ ယုံကြည်နေပါတယ်။ မယုံကြည်နိုင်လောက်စရာကောင်းလောက်အောင် ဟာလန်းက မန်စီးတီးကစားသမားဘ၀ ရာပြည့်ဂိုးသွင်းယူနိုင်ဖို့ နီးစပ်နေပြီဖြစ်သလို အင်္ဂလန်မြေကစားသမားဘဝ၊ အဖွင့်ဘောလုံးရာသီနှစ်ခုလုံးမှာ ပရီးမီးယားလိဂ်ရဲ့ရွှေဖိနပ်ဆုကို ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အတိတ်မှာလည်း ကြောက်စရာကောင်းလောက်တဲ့ဂိုးသွင်းနှုန်းတွေနဲ့အတူ မန်စီးတီးဆီ ဟာလန်း ပြောင်းရွှေ့လာတာဖြစ်ပေမယ့် ဂွာဒီယိုလာလက်အောက်မှာ သူ့ရဲ့အမြင့်ဆုံးပုံစံအထိ ရောက်ရှိနေပြီလို့ ယုံကြည်နေပါတယ်။

အေစီမီလန်နဲ့ရင်ဆိုင်ရမယ့် ခြေစမ်းပွဲစဉ်မတိုင်မီ ဟာလန်းက “ဟုတ်ပါတယ်။ မန်စီးတီးဆီ ရောက်ရှိပြီးနောက်ပိုင်း ကျွန်တော် အများကြီးတိုးတက်လာခဲ့ပါတယ်။ ကွင်းတွင်းကွင်းပြင်မှာလည်း ကျွန်တော့်ရဲ့အကောင်းဆုံး ပုံစံဖြစ်လာတဲ့အထိ ကြိုးစားပါတယ်။ ဒီမတိုင်ခင်အထိလည်း ကျွန်တော် ပိုကောင်းအောင်လုပ်နိုင်တဲ့ အရာတွေ အများကြီးရှိသေးတယ်ဆိုတာ အကြိမ်ပေါင်းများစွာ ပြောပြီးသွားပါပြီ။ ဒီလိုအရာတွေကိုပဲ ကျွန်တော် လုပ်ဆောင်နေတာပါ။ အခုဘောလုံးရာသီမှာလည်း ကျွန်တော်က ပိုကောင်းတဲ့ဘောလုံးသမား၊ ပိုကောင်းတဲ့လူသားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် ဟာလန်းက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို စတင်လိုက်ဖို့ သူ့ဘက်က အဆင်သင့်ဖြစ်နေပြီလို့ ပြောလာပါတယ်။ နော်ဝေးလက်ရွေးစင်အသင်းရဲ့ယူရို-၂၀၂၄ ခြေစစ်ပွဲ မအောင်မြင်မှုက မန်စီးတီးတိုက်စစ်မှူးကို နွေရာသီအားလပ်ရက်လုံလုံလောက်လောက် ရရှိစေခဲ့ပါတယ်။

ဟာလန်းက ဆဲလ်တစ်နဲ့ရင်ဆိုင်ရတဲ့ အမေရိကန်ရာသီကြိုအဖွင့်ခြေစမ်းပွဲစဉ်မှာ အသင်းကပ္ပတိန်အဖြစ် တာဝန်ယူပြီး သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပါတယ်။ “ဟုတ်ပါတယ်။ ကျွန်တော်လည်း ယူရိုပြိုင်ပွဲကြီးကို ပါဝင်ကစားချင်ပါတယ်။ တစ်နေ့ကျရင် ဖြစ်လာလိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း ကျွန်တော့်မှာ အားလပ်ရက်အရှည်ကြီးတွေ ရရှိခဲ့ပါတယ်။ ဒါကောင်းပါတယ်။ ကျွန်တော် အပြည့်အဝအနားယူပြီးဖြစ်လို့ အဆင်သင့်ဖြစ်နေပါပြီ။ အံ့ဖွယ်ပါပဲ။ တော်တော်လေးလည်း ပင်ပန်းခဲ့လို့ အားလပ်ရက်တွေ လိုအပ်ခဲ့ပါတယ်။ ဒီနှစ်လည်း တော်တော်ရှည်လျားတဲ့ ဘောလုံးရာသီတစ်ခု ဖြစ်လာပါလိမ့်မယ်”လို့ ပြောပါတယ်။

မန်စီးတီးက အမေရိကန်ရာသီကြိုခရီးစဉ်အတွင်း အေစီမီလန်၊ ဘာစီလိုနာ၊ ချဲလ်ဆီးတို့နဲ့ ခြေစမ်းပွဲစဉ်ကစားရဖို့ ကျန်နေပါသေးတယ်။