ဆော်ဒီလိဂ်ကိုပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီဖြစ်တဲ့ မန်စီးတီးစတား
သတင်းတွေအရ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းတစ်ယောက် ဆော်ဒီကလပ် အယ်လ်-အီတီဟက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီဘရိုင်းဟာ ၂၀၁၅ တုန်းက ဝုလ်ဘတ်အသင်းထံကနေ မန်စီးတီးအသင်းထံ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဂွါဒီယိုလာရဲ့အရေးပါတဲ့ ကစားသမားအဖြစ် အသုံးတော်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၃ နှစ်သားဟာ ယူရို ၂၀၂၄ ကနေ ပြန်လာချိန်မှာတော့ အနာဂတ်နဲ့ပတ်သက်ပြီး မသေချာတဲ့အနေအထားဖြစ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံသားဟာ အယ်လ်-အီတီဟက်အသင်းထံ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီထားတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို သတင်းထောက် ဂါလက်တီက အတည်ပြုခဲ့တာဖြစ်ပြီး ဆော်ဒီကလပ်ဘက်က မြင့်မားတဲ့ငွေကြေးတစ်ရပ်နဲ့ကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၅ နေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ အယ်လ်-အီတီဟက်ဟာ နည်းပြသစ်အဖြစ် ယူနိုက်တက်နောက်ခံလူဟောင်း ဘလန့်စ်ကို ခန့်အပ်ထားခဲ့ပါတယ်။ စီးတီးနဲ့ ဒီဘရိုင်းတို့ကြား စာချုပ်သက်တမ်းက ၁ နှစ်သာ ကျန်တော့တာဖြစ်ပြီး ဂွါဒီယိုလာကတော့ အဆိုပါအပြောင်းအရွှေ့ကို တားမြစ်ဖွယ်ရှိနေပါတယ်။
အင်တာဗျူးတစ်ခုမှာ ဒီဘရိုင်းက “ကျွန်တော့်အသက်အရွယ်မှာ အရာအားလုံးအတွက် တံခါးဖွင့်ထားပါတယ်။ ခင်ဗျားအနေနဲ့ ကစားသမားဘဝအဆုံးသတ်မှာ ငွေအကြောင်းပြောနိုင်ချေရှိပါတယ်။ တစ်ခါတလေမှာ အဲ့တာကိုတွေးရပါမယ်။ ကျွန်တော် ၂ နှစ်လောက်ကစားမယ်ဆိုရင် မြင့်မားတဲ့ငွေကြေးတွေရလာနိုင်ပါတယ်။ ကျွန်တော် ၁၅ နှစ်လောက်ကစားခဲ့တာတောင် အဲ့လောက်ငွေကြေးမရပါဘူး”လို့ ဒီဘရိုင်းက ဖြေကြားခဲ့ပါတယ်။
ဒီဘရိုင်း တစ်ယောက်တည်းကိုပဲ ဆော်ဒီလိဂ်ကလပ်တွေက ချိတ်ဆက်နေတာမဟုတ်ပဲ အယ်လ်နာဆာအသင်းကလည်း စီးတီးဂိုးသမား အီဒါဆန်ကို ချိတ်ဆက်နေပါတယ်။ စီးတီးဟာ ဘရာဇီးသားဂိုးသမားအတွက် ပေါင် ၄၂ သန်း အလိုရှိနေပြီး ကနဦးပေါင် ၂၅ သန်းတန်ကမ်းလှမ်းမှုကို ပယ်ချထားပါတယ်။