လီဗာပူးမှထွက်ခွာလာမယ့် မိုဆာလက်ကိုခေါ်ယူဖို့ အယ်လ်-အစ်တီဟတ်အသင်း တကျော့ပြန်စိတ်ဝင်စားလာ
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်-အစ်တီဟတ်အသင်းက မကြာသေးခင်ကပဲ ဘောလုံးလောကကိုလှုပ်ခတ်သွားစေခဲ့တဲ့ လီဗာပူးတောင်ပံကစားသမားမိုဆာလက်ကို ခေါ်ယူဖို့အတွက် တကျော့ပြန်စိတ်ဝင်စားလာတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၃ နှစ်အရွယ်ကစားသမားက လာမယ့်နွေရာသီမှာ လီဗာပူးနဲ့ ကိုးနှစ်ကြာလက်တွဲထားမှုကို အဆုံးသတ်ပြီး မာဆေးဆိုဒ်မှ ထွက်ခွာတော့မယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။
အီဂျစ်တောင်ပံကစားသမားမိုဆာလက်က ဆော်ဒီအာရေဗျဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ ကာလရှည်ကြာချိတ်ဆက်မှုရှိခဲ့ပြီး အခုအချိန်မှာတော့ အဲဒီအပြောင်းအရွှေ့က အတိတ်ကာလထက် ဖြစ်နိုင်ခြေ ပိုများလာပါတယ်။
ESPN ရဲ့ဖော်ပြချက်အရ အယ်လ်-အစ်တီဟတ်အသင်းက မိုဆာလက်ကိုခေါ်ယူဖို့ အစွမ်းကုန်ကြိုးစားသွားဖို့ရှိနေပြီး အသင်းရဲ့အကြီးအကဲတွေကိုယ်တိုင် သူ့ကို ဘန်ဇီးမားနေရာမှာ အစားထိုးနိုင်မယ့်ကြယ်ပွင့်အဖြစ် ရှုမြင်ထားတယ်လို့ သိရပါတယ်။
အီဂျစ်လက်ရွေးစင်မိုဆာလက်အတွက် ပေါင် ၁၅၀ သန်းဆိုတဲ့ပြောင်းရွှေ့ကြေးပမာဏကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း လီဗာပူးအသင်းက ငြင်းပယ်ခဲ့ဖူးပေမဲ့ အခုနွေရာသီမှာတော့ ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်သွားရပါလိမ့်မယ်။