အက်ဒါဆန်ကို ခေါ်ယူမယ့် အပြိုင်အဆိုင်မှာ အက်သလက်တီကိုထက် ယူနိုက်တက်က ပိုပြီး အခြေအနေကောင်းနေ
မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းနဲ့ ကစားသမားချင်း အလဲအလှယ်လုပ်မယ့် အစီအစဉ်တစ်ခုကို စဉ်းစားနေပါတယ်။
TuttoAtalanta ရဲ့ ဖော်ပြချက်အရ မန်ယူဟာ အတ္တလန်တာကွင်းလယ်လူ အက်ဒါဆန်ကို ခေါ်ယူဖို့အတွက် ဂျိုရှုအာ ဇက်ဇီးကို အလဲအလှယ်အဖြစ် ထည့်သွင်းကမ်းလှမ်းဖို့ စဉ်းစားနေတာပါ။
ဘရာဇီးလ်လက်ရွေးစင် ကစားသမားဖြစ်သူ အက်ဒါဆန်ဟာ မန်ယူစီမံခန့်ခွဲမှုပိုင်းရဲ့ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ဒီနွေရာသီမှာတော့ သူ့ကို အရခေါ်ယူဖို့ အသင့်ဖြစ်နေပါပြီ။ အက်သလက်တီကို မက်ဒရစ်အသင်းဆီကလည်း အပြိုင်အဆိုင်တွေ ရှိနေတာကြောင့် ဇက်ဇီးကို အလဲအလှယ်အဖြစ် အသုံးပြုတာက မန်ယူအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အချက်ဖြစ်လာနိုင်ပါတယ်။
အက်သလက်တီကိုရဲ့ အားကစားဒါရိုက်တာအသစ် မာတေး အလက်မန်နီကလည်း သူတို့အသင်းအနေနဲ့ အက်ဒါဆန်ကို စိတ်ဝင်စားနေကြောင်း မကြာသေးခင်ကမှ အတည်ပြုခဲ့ပါတယ်။
Marca သတင်းစာမှာ ဖော်ပြထားတဲ့ သူ့ရဲ့ပြောကြားချက်အရ “ကျွန်တော်တို့ စာရင်းထဲမှာရှိတဲ့ ကစားသမားကောင်းတွေထဲက တစ်ယောက်ပါပဲ” လို့ ဆိုပါတယ်။ ဒါပေမဲ့ အတ္တလန်တာအသင်းက ဘိုလော့ဂ်နာ တိုက်စစ်မှူးဟောင်း ဇက်ဇီးကို အီတလီမြေဆီ ပြန်လည်ခေါ်ဆောင်ဖို့ အလေးအနက် ဆန္ဒရှိနေတာကြောင့် ဒါဟာ မန်ယူအသင်းအတွက် ဆွေးနွေးမှုတွေမှာ အသာစီးရစေမယ့် အချက်တစ်ခု ဖြစ်လာပါတယ်။