
ယူနိုက်တက်အနေနဲ့ ပြောင်းလဲမှုတွေပြုလုပ်သွားရမယ်လို့ ပြောကြားလိုက်တဲ့ လုခ်ရှော
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လုခ်ရှောက အသင်းရဲ့ကစားသမားတွေအနေနဲ့ ယူနိုက်တက်ကို ကိုယ်စားပြုဖို့ လုံလောက်အောင်ကောင်းရဲ့လားလို့ မေးခွန်းထုတ်ဖို့လိုနေကြောင်းနဲ့ လက်မခံနိုင်စရာရာသီအပြီးမှာ အသင်းဟာ မဖြစ်မနေပြောင်းလဲမှုတွေပြုလုပ်ဖို့လိုအပ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။
ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ တော့တင်ဟမ်ဟာ ယူနိုက်တက်ကို ၁-၀ နဲ့အနိုင်ကစားပြီး ၁၇ နှစ်ကြာ ဖလားမိုးခေါင်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ လုခ်ရှောရဲ့အမှားမှတစ်ဆင့် ဂိုးခွင့်ပြုခဲ့ရတာဖြစ်ပြီး ဘရန်နန်ဂျွန်ဆန်က အခွင့်အရေးကို အမိအရအသုံးချနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာရပ်တည်နေတဲ့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဖလားနဲ့လွဲချော်ခဲ့တာကြောင့် ၃၅ နှစ်အတွင်း ဒုတိယအကြိမ် ဥရောပပြိုင်ပွဲနဲ့ လွဲချော်သွားတော့မှာလည်းဖြစ်ပါတယ်။ ပွဲအပြီးမှာ လုခ်ရှောက "မန်ချက်စတာယူနိုက်တက်လိုအသင်းအတွက် ကျွန်တော်တို့လုပ်နေတာတွေက လုံလောက်အောင်မကောင်းပါဘူး။ ကျွန်တော်တို့ ဒီအသင်းမှာနေဖို့ ထိုက်တန်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော ဒီရာသီက လက်မခံနိုင်စရာဖြစ်ခဲ့လို့ပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုရှုံးပွဲကြောင့် ကစားသမားတွေသာမက နည်းပြ ရူဘင်အာမိုရင်အတွက်လည်း ဖိအားတွေ ဝင်ရောက်လာစေမှာဖြစ်ပြီး ပေါ်တူဂီသားဟာ ပရိသတ်တွေရဲ့ မျှော်လင့်ချက်နဲ့ ကိုက်ညီမှုရှိတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခြင်းမရှိပါဘူး။
သို့သော်လည်း ရှောကတော့ အာမိုရင်က ယူနိုက်တက်အတွက် သင့်တော်တဲ့နည်းပြတစ်ဦးဖြစ်ကြောင်းကို "အသင်းမှာ ပြောင်းလဲဖို့လိုအပ်နေတာတွေ အများကြီးရှိပါတယ်။ ဒီလိုပြောင်းလဲမှုတွေပြုလုပ်ဖို့ အာမိုရင်က ၁၀၀ ရာခိုင်နှုန်းသင့်တော်တဲ့ နည်းပြတစ်ယောက်ပါ။ ဘာကြောင့်လဲဆိုတော့ သူက အသင်းကို အရမ်းဂရုစိုက်ပြီး ဘာတွေပြောင်းလဲရမယ်ဆိုတာ ကောင်းကောင်းသိတဲ့လူတစ်ယောက်ဖြစ်နေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။