The network connection is lost.

Banner Image

ဘရိုက်တန်ကွင်းလယ်လူ ဘာလီဘာကိုခေါ်ယူဖို့ ကြိုးစားလာပြန်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ ယခုနွေရာသီအတွင်း မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ခေါ်ယူထားခဲ့ပြီးဖြစ်သလို၊ လိုက်ပ်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်ဆခိုကိုခေါ်ယူနိုင်ဖို့လည်း သေချာသလောက်ဖြစ်နေပေမယ့် ယခုအခါမှာ ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ်ဘာလီဘာကိုပါ ထပ်မံပစ်မှတ်ထားနေတယ်လို့သိရပါတယ်။ 

နာမည်ကျော်ဂျာနယ်လစ် မာတင်ကားမက်စ်ရဲ့အဆိုအရ ယူနိုက်တက်ဟာ ဘာလီဘာကိုခေါ်ယူဖို့ အတော်လေးစိတ်ဝင်စားနေကြောင်းဖော်ပြခဲ့ပြီး ဘရိုက်တန်နဲ့ ချိတ်ဆက်မှုတွေ စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ သတင်းတွေအရ ဘရိုက်တန်အနေနဲ့လည်း ကနဦးဆွေးနွေးမှုတွေမှာ အပြုသဘောဆောင်နေပြီး ကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုတော့ ပေါင် ၈၇ သန်းအထိ တောင်းဆိုလာနိုင်တယ်လို့သိရပါတယ်။

တစ်ဖက်မှာ The Athletic သတင်းဌာနကတော့ ဘရိုက်တန်အနေနဲ့ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတဲ့ ဘာလီဘာကို ယခုနွေရာသီအတွင်း ရောင်းချသွားဖွယ်မရှိကြောင်း ဖော်ပြထားပါတယ်။ လောလောဆယ်မှာ လိုက်ပ်ဇစ်တိုက်စစ်မှူး ဆက်ဆခိုကိုခေါ်ယူဖို့ ငွေကြေးအမြောက်အမြားသုံးစွဲသွားရမယ့် ယူနိုက်တက်အနေနဲ့ ဘာလီဘာကိုထပ်မံခေါ်ယူဖို့ ဘဏ္ဍာရေးအခြေအနေအရတော့ မဖြစ်နိုင်ပါဘူး။ 

ဒါ့အပြင်ယူနိုက်တက်ဟာ အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အလီဂျန်ဒရိုဂါနာချို၊ ဂျေဒန်ဆန်ချိုနဲ့ အန်တိုနီတို့ကိုလည်း အခုချိန်အထိ ရောင်းချနိုင်ခြင်းမရှိသေးပါဘူး။ လက်ရှိ ယူနိုက်တက်ရဲ့ကွင်းလယ်မှာ ကတ်စ်မဲရိုး၊ မန်နူရယ်ယူဂါတီ၊ ကိုဘီမိုင်နူးနဲ့ တိုဘီကိုလီယာတို့ရှိနေသလို၊ အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း ရှိနေပါသေးတယ်။ 

ဘာလီဘာရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး ဘရိုက်တန်စီအီးအို ပေါလ်ဘာဘာကတော့ "ကျွန်တော်တို့ကစားသမားတွေကို စိတ်ဝင်စားမှုတွေက အမြဲတမ်းရှိပါတယ်။ လောလောဆယ်မှာတော့ မန်ချက်စတာယူနိုက်တက်က ကျွန်တော်နဲ့စကားမပြောရသေးပါဘူး။ ကောလာဟလကတော့ အမျိုးမျိုးထွက်နေမှာပါပဲ။ ဘာလီဘာက ပါရမီရှင်ကစားသမားတစ်ဦးပါ။ သူ့အနေနဲ့ အသင်းမှာ နှစ်တွေအကြာကြီးနေသွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ဘောလုံးလောကရဲ့ အချို့အဖြစ်အပျက်တွေက ခန့်မှန်းလို့မရနိုင်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် ဒီဂီယာပါဝင်တဲ့ အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည်ခံသွားရမှာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့မှာတော့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ စတင်ယှဉ်ပြိုင်သွားရပါမယ်။