The network connection is lost.

Banner Image

ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိခန့်အပ်လိုက်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိယာယီနည်းပြ ဒါရင်းဖလက်ချာကို ရာထူးမှပြန်လည်ဖယ်ရှားပြီးနောက် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အိုလီဂန်နာဆိုးလ်ရှားကို လျစ်လျူရှုကာ အသင်းရဲ့ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ တရားဝင်ခန့်အပ်ခဲ့ပါတယ်။

ကာရစ်ဟာ ရာထူးမှထုတ်ပယ်ခံလိုက်ရတဲ့ ရူဘင်အာမိုရင်ရဲ့နေရာမှာ အစားထိုးဝင်ရောက်သွားမှာဖြစ်ပြီး ဖလက်ချာထံမှာ တာဝန်တွေကိုလည်း လွှဲပြောင်းရယူသွားမှာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ထိပ်ပိုင်းတာဝန်ရှိသူတွေဖြစ်တဲ့ အိုမာဘရာဒါနဲ့ ဂျေဆန်ဝယ်လ်ကော့ဇ်တို့ဟာ ကာရစ်နဲ့ ဆိုးလ်ရှားတို့ ၂ ဦးစလုံးကို လူတွေ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ပရိသတ်ချစ်ခင်အားပေးမှုရထားတဲ့နည်းပြဖြစ်ပေမယ့် ယူနိုက်တက်ဘုတ်အဖွဲ့က ကာရစ်ရဲ့အစီအစဉ်တွေကို ပိုသဘောကျတာကြောင့် ကာရစ်ကိုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ဆိုးလ်ရှား ယူနိုက်တက်နည်းပြရာထူးမှ ထုတ်ပယ်ခံရစဉ်က ကာရစ်ဟာ ရာ့ဖ်ရန်းနစ်ခ်ရောက်မလာမီ အသင်းကို ၃ ပွဲအထိ ယာယီတာဝန်ယူကိုင်တွယ်ပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာတော့ ကာရစ်ဟာ မစ်ဒယ်ဘရော့အသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီမှာတင် ချန်ပီယံရှစ်ပလေးအော့ဖ်အဆင့်သို့ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

နောက်ပိုင်းရာသီတွေမှာတော့ မစ်ဒယ်ဘရော့ဟာ ပလေးအော့ဖ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် ၂၀၂၄-၂၅ ရာသီမကုန်ခင်မှာပဲ ကာရစ်ကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။ ကာရစ်ဟာ မစ်ဒယ်ဘရော့ကို စုစုပေါင်း ၁၃၆ ပွဲအထိ ကိုင်တွယ်ခဲ့တာလည်းဖြစ်ပါတယ်။ 

ကစားသမားဘဝမှာတော့ ကာရစ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၄၆၄ ပွဲအထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ပါအဝင် ဆုဖလားအောင်မြင်မှုအများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။ယခုအခါမှာတော့ ကစားသမားဘဝက တာဝန်ကျေခဲ့တဲ့ ကာရစ်အနေနဲ့ နည်းပြဘဝနဲ့လည်း ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်လည်ဆွဲတင်ပေးနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။