The network connection is lost.

Banner Image

ဘာစီလိုနာသို့အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့နီးစပ်လာတဲ့ ယူနိုက်တက်ကြယ်ပွင့် ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် မားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာတော့မယ်လို့ သတင်းကြီးနေပြီး ယခုအခါမှာတော့ လာလီဂါချန်ပီယံ ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
 
အသက်-၂၇ နှစ်အရွယ်အင်္ဂလန်တိုက်စစ်ကြယ်ပွင့်ဟာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်းစတင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်ခဲ့ခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးဆင်းနေခဲ့တာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ နည်းပြရူဘင်အာမိုရင်ရဲ့ အနာဂတ်အစီအစဉ်တွေမှာလည်း ပါဝင်ခြင်းမရှိတာကြောင့် မကြာမီမှာပဲ အသင်းနဲ့လမ်းခွဲရဖို့သေချာသလောက်ဖြစ်နေပါတယ်။ 

ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာ ယူနိုက်တက်ဟာ အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ပြီး တိုးတက်မှုတွေရှိခဲ့ပေမယ့် အပြီးသတ်ပြောင်းရွှေ့နိုင်ခဲ့ခြင်းတော့မရှိပါဘူး။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကိုရောင်းချဖို့ တန်ကြေးပေါင်သန်း ၄၀ အထိသတ်မှတ်ထားတာကြောင့် အခြားဥရောပထိပ်သီးကလပ်တွေအနေနဲ့လည်း ခေါ်ယူဖို့ ခက်ခဲနေတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ ဘီလ်ဘာအိုကြယ်ပွင့် နီကိုဝီလီယမ်ကိုခေါ်ယူနိုင်ခဲ့ခြင်းမရှိတဲ့ ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပြီး အငှားစာချုပ်နဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ သို့သော်လည်း အဆိုပါအငှားစာချုပ်ထဲမှာ ဘာစီလိုနာအနေနဲ့ အင်္ဂလန်လက်ရွေးစင်ကို အပြီးသတ်ခေါ်ယူဖို့ သဘောတူညီချက်ကိုလည်း ထည့်သွင်းသွားရဖွယ်ရှိနေပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နဲ့စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၂ သောင်းကျော်အထိ ရရှိနေသူဖြစ်ပါတယ်။ ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားဟာ အသင်းအတွက် အသက်-၁၈ နှစ်အရွယ်မှာပဲ စတင်ပွဲထွက်ကစားခဲ့ပြီး စုစုပေါင်း ၄၂၆ ပွဲအထိကစားခဲ့ကာ ၁၃၈ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ 

ဆုဖလားအောင်မြင်မှုအနေနဲ့တော့ ရက်ရှ်ဖိုဒ်ဟာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ်၊ အက်ဖ်အေဖလား ၂ ကြိမ်နဲ့ ကာရာဘောင်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ရက်ရှ်ဖို့ဒ်ကိုအငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့် အခုချိန်အထိတော့ သဘောတူညီမှုမရသေးဘူးလို့ သိရပါတယ်။